Home
မြန်မာသတင်း
ကျောက်ဖြူမြို့ပေါ်တွင် ဆန်ရိက္ခာရောင်းချပေးနေ
DVB
·
April 8, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရှိ ရမ္မာဝတီခန်းမမှာ ဧပြီ ၅ ရက်က စတင်ပြီး မိသားစုတစုကို ဆန်တစ်အိတ်နှုန်းနဲ့ အရင်းအတိုင်း ရောင်းချပေးနေတယ်လို့ ကျောက်ဖြူ လူငယ်များအဖွဲ့က သိရပါတယ်။ COVID-19 ကူးစက်မြန်ရောဂါကြောင့် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်စျေးကို ထိန်းပေးနိုင်ဖို့နဲ့ အခြေခံလူတန်းစားတွေ စားသုံးနိုင်ရန်ရည်ရွယ်ပြီး ရောင်းချပေးနေတာလို့ ကျောက်ဖြူလူငယ်အဖွဲ့ဦးဆောင်သူ ဦးလှမျိုးကျော်က ပြောပါတယ်။  “အခြေခံလူတန်းစားတွေကို အဓိကထားပြီးတော့ ကျနော်တို့အနေနဲ့ရောင်းတယ်။ ရောင်းတဲ့နေရာမှာ ကျောက်ဖြူ လူငယ်အဖွဲ့လို့ခေါ်တဲ့ စေတနာ့ဝန်ထမ်းတွေပေါ့။  အဲဒီသူတွေကပဲ ဒီလူဟာ အမှန်တကယ် ရောင်းချသင့်တယ်၊ ဒီလူတွေဟာအမှန်တကယ် ကြပ်တည်းတယ်၊ ဒီလူတွေဟာ အမှန်တကယ် လက်လုပ်လက်စားတွေ ဖြစ်တယ်ဆိုတာကို စိစစ်ပြီးတော့ လောလောဆယ် အိမ်ထောင်စု တစုကို ဆန် ၃ တောင်းတစ်အိတ် ရောင်းချပေးနေပါတယ်။ အခုကျနော်တို့ရောင်းနေတဲ့ဆန်ဟာ ဆန် ၃ တောင်းကို ၁၄၀၀၀ လောက်နဲ့ ကျနော်တို့ ရောင်းချပေးနေပါတယ်။ အဲဒါလည်း အရင်းအတိုင်းပဲ အမြတ်အစွန်းမပါပဲ ရောင်းချပေးနေတာဖြစ်ပါတယ်”လို့ပြောပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ လူတွေဟာ စိုးရိမ်မှုတွေ ရှိနေကြတာ ကြောင့် အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်တွေကို အဆမတန်ဝယ်ယူလာနေပြီး ဆန်စျေးမြင့်တက်မှုရှိလာတဲ့အတွက် အခုလိုအခြေခံလူတန်းစားတွေ ဝယ်ယူစားသောက်နိုင်အောင် ရောင်းချပေးနေတာဟာ အင်မတန် ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျောက်ဖြူမြို့ခံ ဦးထွန်းနိုင်က ပြောပါတယ်။ “လူတွေကလည်း ဆန်တွေကိုအလုအယက် သိမ်းပြီး တစ်ချို့ တစ်ချို့ဝယ်လိုက်ကြတယ်၊ ဒီတော့စျေးကွက်တွေမှာ နည်းသွားတယ်၊ နည်းသွားတဲ့အတွက် ဆန်စျေးတက် တယ်ဆိုတာ ဖြစ်တာပေါ့ အဲလိုအခြေအနေကို ဒီကျောက်ဖြူမြို့ကနေပြီးတော့ လူငယ်တွေကနေပြီးတော့ ထိန်းလို့ရအောင်ဆိုပြီးတော့ ဒီလိုဆန်တွေကို တစ်အိတ်ကို ကျပ် ၁၄၀၀၀နဲ့ ဝေပေးနေတယ်၊ အခုဆိုရင် အိတ် ၁၀၀၀ နီးပါးထိစွန်သွားပြီလို့ ပြောတယ်၊ ဒီတော့လူတွေလက်ထဲမှာ ဒီဆန်တွေရ ရောက်သွားပြီဆိုတော့ စျေးက တည်ငြိမ်သွားပြီလေ”  ရောင်းချပေးတဲ့ဆန်ကတော့ တောင်ပျံမွှေးဆန်အမျိုးအစားဖြစ်ကာ ၃ ရက်အတွင်း ဆန်အိတ ၁၀၀၀ လောက် ရောင်းချပေးထားပြီး ထပ်မံရောင်းချပေးသွားမယ်လို့လည်း ကျောက်ဖြူ လူငယ်အဖွဲ့က ပြောပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024