ပလက်ဝမြို့နယ်တွင် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီး ၃ ဦးအပါအဝင် ၇ ဦးသေဆုံး
DVB
·
April 8, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၇ ဦးဒဏ်ရာရရှိကာ လူနေအိမ်တချို့ ပျက်စီးသွားပါတယ်။
ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ နန်းချောင်းဝကျေးရွာမှာ ဧပြီ ၇ ရက် ညနေပိုင်းက လေယာဉ်ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။
“လေယာဉ်ပေါ်ကနေဗုံးကြဲတာပေါ့။ လေယာဉ်ပေါ်ကနေပစ်ခတ်လို့ ကျတာ”လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ၇ ဦးကတော့ ပလက်ဝဆေးရုံကို ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့လည်း ပြောပါတယ်။
ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့ကတော့ ဧပြီ ၇ ရက်က ဖြစ်ပွားတဲ့ နန်းချောင်းဝရွာ တိုက်ပွဲမှာ သေဆုံးသူ အရပ်သား အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၄ ဦး စုစုပေါင်း ၇ ဦး၊ ဒဏ်ရာရသူ အမျိုးသမီး ၇ ဦး အမျိုးသား ၁ ဦး စုစုပေါင်း ၈ ဦး ရှိပြီး အားလုံးဟာ ချင်းတိုင်းရင်းသားတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်မတော်ဘက်ကတော့ နမဒါရဲ့ အရှေ့တောင်ဘက်မှာ အေအေနဲ့ တိုက်ပွဲဖြစ်တာရှိပေမယ့် အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။
အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းသတင်းရေးသားတဲ့ သတင်းသမားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကြောင့် ဆက်သွယ်မေးမြန်းဖို့ အဆင်မပြေသေးပါဘူး။
သတင်း-ထက်ဝေအောင်