Homeမြန်မာသတင်း
ကွယ်လွန်သွားသည့် COVID - 19 လူနာအမှတ် ၁၇ ကို ပြည်မြို့ အေးငြိမ်းရာသုဿန်တွင် နေ့ချင်းသင်္ဂြိုဟ်
ကွယ်လွန်သွားသည့် COVID - 19 လူနာအမှတ် ၁၇ ကို ပြည်မြို့ အေးငြိမ်းရာသုဿန်တွင် နေ့ချင်းသင်္ဂြိုဟ်
မင်းညို
·
April 8, 2020
ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းမြို့နယ် ဒု အုပ်ချုပ်ရေးမှူး (COVID - 19 အတည်ပြုလူနာ အမှတ် ၁၇) ကို ပြည်အေးငြိမ်းရာ သုဿန်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ပေါက်ခေါင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတုန်း ဒီကနေ့ ဧပြီလ ၈ ရက် နေ့မနက် ၃ နာရီခွဲကျော်မှာ ကွယ်လွန်သွားတာပါ။
အောက်စီဂျင်စက်နဲ့ ကူညီ အသက်ရှုခိုင်းနေတုန်းမှာပဲသေဆုံးသွားတာဖြစ်ပြီး အဆုတ်ကိုထိ သွားတာကပြင်းထန်လို့ အခုလိုဖြစ်သွားတာလို့ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံက ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာစိုးက အတည်ပြုပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဆေးရုံ ICU ကနေ ပြည်မြို့ အေးငြိမ်းရာသုဿန်ပို့ဆောင်ဖို့ မိုးမေတ္တာနာရေးကူညီမှုအသင်းသားတွေနဲ့ အေးငြိမ်းရာ သင်္ဂြိုဟ်စက်က ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့ တာပါ။
သင်္ဂြိုဟ်ကိစ္စဆောင်ရွက်ပြီးရင်တော့ ရုပ်အလောင်းသယ်ဆောင်သူ ၄ ယောက်က Quarantine ဝင်ရမယ်လို့ မိုးမေတ္တာအသင်း ဥက္ကဋ္ဌ ကိုစိုးမိုးနိုင် က ပြောပါတယ်။
ကွယ်လွန်သူ ပေါက်ခေါင်းမြို့နယ် ဒု အုပ်ချုပ်ရေးမှူးဟာ ရန်ကုန်မြို့ကဆေးခန်းတခုမှာ ကျန်းမာရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တဲ့ ဇနီးဖြစ်သူ COVID-19 အတည်ပြုလူနာ အမှတ် ၁၅ နဲ့ ထိစပ်မှုကြောင့်ရောဂါကူးစက်ခံခဲ့ရတာပါ။
သူနဲ့အတူ COVID-19 ကူးစက်ခံရပြီး ဆေးကုသမှုခံယူနေရတဲ့ သား၊သမီးနဲ့တူမ ကတော့ လက်ရှိ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးရှိ အထူးကုသဆောင်မှာ ဆက်လက် ကုသနေထိုင်နေရပြီး သူတို့အားလုံးကတော့ အဖျားမရှိတော့ပဲ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
အတည်ပြု လူနာ အမှတ် (၁၇)ရဲ့ ရုပ်အလောင်းကို ဒီနေ့ပဲနေ့ချင်းပြီး သင်္ဂြိုဟ်ကာ အုပ်ဂူသွင်းပေးသွားမယ်လို့ ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။