A d v e r t i s e m e n t With Us

လေထုညစ်ညမ်းမှုနှင့် အပူဒါဏ်လျှော့ချနိုင်ရန် ကျပ်သန်း ၇၀၀ ကျော်သုံးစွဲ၍ သစ်ပင်စိုက်မည်

လေထုညစ်ညမ်းမှုနဲ့ အပူဒါဏ် လျှော့ချနိုင်ဖို့အတွက် မကွေးတိုင်းဒေသကြီးအတွင်းမှာ ကျပ်သန်းပေါင်း ၇၀၀  ကျော် အသုံးပြုပြီး သစ်ပင်တွေ စိုက်ပျိုးသွားမယ်လို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနက သိရပါတယ်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးက "စက်မှု ထွန်းကားလာတာနဲ့အမျှ စက်ရုံ၊ အလုပ်ရုံ၊ စက်တပ်ယာဉ်တွေက ထွက်ရှိလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့လေထုညစ်ညမ်းကာ ရာသီဥတုပူပြင်းတာကို ကာကွယ်နိုင်ဖို့က သစ်ပင်စိုက်ပျိုးတဲ့ နည်းလမ်းတစ်နည်းပဲရှိပါတယ်။ သစ်တော သစ်ပင် သစ်ရွက်တွေက အစိမ်းရောင် ကလိုရိုဖီး ရှိပြီး လေထုထဲက မကောင်းတဲ့ ဓာတ်ငွေ့တွေကို အောက်စီဂျင်ပြင်ထုတ်ပေးတဲ့အတွက် လူသားတွေ အသက်ရှူရှင်သန်နိုင်ဖို့ များစွာ အထောက်ကူပြုပါတယ်။ ပြည်သူလူထု ပူးပေါင်းစိုက်ပျိုးတဲ့ သစ်ပင်က ၇၀ ရာခိုင်နှုန်းလောက် ရှင်သန်ပြီး၊ ဌာနကစိုက်ပျိုးတာကတော့ ၉၅ ရာခိုင်နှုန်းလောက် အောင်မြင်ကာ သစ်ပင်ချစ်မြတ်နိုးသူတိုင်း ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်ပါတယ်"လို့ ဒီဗွီဘီ ကိုပြောပါတယ်။ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့နယ်တွေမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၂၄၇ သန်းနဲ့ စတင်ပြီး ကျပ်သန်းပေါင်း ၇၀၀ အသုံးပြုကာ အထူးစိန်းလန်း စိုပြေရေးဇုန်အဖြစ် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ အထူး စိမ်းလန်းစိုပြေရေးလုပ်ငန်းအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်းမှာ သစ်ပင်ပေါင်း ၂၁၀၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီ အတွက်တော့ ပျိုးပင်ပေါင်း ၁၂၀,၀၀၀ ကျော်ပျိုးထောင်ပြီး စိုက်ခင်း အကြိုလုပ်ငန်းတွေ လုပ်ဆောင်ထားပါတယ်။ ပြည်သူဗဟိုပြု အနေနဲ့လည်း ပြီးခဲ့တဲ့ ၄ နှစ်အတွင်း သစ်ပင်ပေါင်း ၄၀,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ကျေးလက်ဒေသဖွံဖြိုးရေး အစီအစဉ်နဲ့ တစ်ရွာ တစ်ဧကနှုန်းနဲ့ သစ်ပင်ပေါင်း ၃၃၀,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မကွေးမြို့ ‘မာဃလုလင်’ သစ်ပင်စိုက်ပျိုးရေးအဖွဲ့ ကိုစိုင်းစိုးငယ်က “သစ်ပင်စိုက်ပျိုးတဲ့ အတွက် အပူဒါဏ်ကို လျှော့ချပေးပြီး အရိပ်အာဝသကောင်းတွေရရှိကာ သဘာဝဘေးဒဏ်တွေ ကာကွယ်နိုင်မှာဖြစ်တယ်။ ရာသီဥတု ဖောက်ပြန်တာတွေ့ လျော့ကျပြီး တောင်သူတွေလည်း သီးနှံအထွက်နှုန်း ကောင်းမွန်လာမှာပါ။ သစ်ပင် တစ်ပင်ဖြစ်ထွန်းဖို့ အနည်ဆုံး ၅ နှစ်လောက် စောင့်ရတာဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်းပေး ဖို့လိုအပ်တယ်။”လို့ ပြောပါတယ်။  မာဃ လုလင် သစ်ပင်စိုက်ပျိုးရေး အဖွဲ့ကို ၂၀၁၉ ခုနှစ် မိုးရာသီမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး သစ်ပင် ၆၀၀၀ ခန့်စိုက်ပျိုးပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ မကွေးတိုင်းဒေသကြီး ချောက်မြို့နဲ့ ရေနံချောင်းမြိုတွေဟာ အပူချိန်အမြင်တက်ဆုံးမြို့တွေဖြစ်ပြီး နေ့အပူချိန် ၄၉ ဒီကရီ စင်တီဂရိတ်ထိ မြင့်တက်တာတွေ ရှိပါတယ်။ အပူပိုင်းဒေသစိမ်းလမ်းစိုပြေရေး လုပ်ငန်းတွေကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး စတဲ့တိုင်း သုံး တိုင်းမှာ အထူးစီမံချက်တစ်ရပ်အနေနဲ့ အကောင်ထည်ဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up