Homeမြန်မာသတင်း
ကျောက်ကြီးမြို့နယ်၌ လွှတ်တော်အမတ်နှင့်အဖွဲ့က အုပ်ချုပ်ရေးမှူးကို သံတုတ်ဖြင့်ရိုက်၊ အပြန်အလှန် အမှုဖွင့်
ကျောက်ကြီးမြို့နယ်၌ လွှတ်တော်အမတ်နှင့်အဖွဲ့က အုပ်ချုပ်ရေးမှူးကို သံတုတ်ဖြင့်ရိုက်၊ အပြန်အလှန် အမှုဖွင့်
DVB
·
April 7, 2020
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးကို သံတုတ်နဲ့ရိုက်မှု ဖြစ်ပွားခဲ့တယ်လို့ နတ်သံကွင်းနယ်မြေ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧပြီလ ၆ ရက်နေ့မွန်းလွဲပိုင်းက နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင် (၃) ရပ်ကွက်ရှိ COVID-19 ရောဂါ စောင့်ကြည့်ရေးစခန်းမှာ အမှုအခင်းဖြစ်ပွားခဲ့တာပါ။
လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့်ရေးစခန်းမှာရှိနေစဉ် အုပ်ချုပ်ရေးမှူးက ရောက်ရှိလာပြီး စကားများရာကနေ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ တိုင်းဒေသကြီး အမှတ် (၂) ကိုယ်စားလှယ် ဦးတင်ဆန်းဦးနဲ့ ဝိုင်းဝန်းရိုက်နှက်သူ ၂ ဦးကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတယ်လို့ နတ်သံကွင်းနယ်မြေ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
"ကိုယ်စားလှယ်က အဲဒီစခန်းမှာရှိနေတဲ့အချိန် အုပ်ချုပ်ရေးမှူး ရောက်လာပြီး ရန်ဖြစ်ကြတာ။ အခုလက်ရှိတော့ ပုဒ်မနှစ်ခုနဲ့ဖွင့်ထားတယ်။ အခြား ဝိုင်းရိုက်တယ်ဆိုတဲ့ နှစ်ယောက်ကိုလည်း စုံစမ်းနေတယ်။ အုပ်ချုပ်ရေးမှူးကို မနက်ပိုင်းက လွှတ်တော် ကိုယ်စားလှယ်ကလာပြီး အမှုဖွင့်ထားတာလည်း ရှိတယ်။ ကိုယ်စားလှယ်ကို အုပ်ချုပ်ရေးမှူး ဆဲတယ်ဆိုပြီး ဖွင့်ထားတာပါ"လို့ ပြောပါတယ်။
လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးနဲ့ တခြားအမည်စုံစမ်းဆဲနှစ်ဦးတို့ကို နတ်သံကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက တုံးသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှုတို့နဲ့ အမှုဖွင့်ထားပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေတဲ့ အတွက် အရေးယူဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)