Live
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ခရီးသွားခွင့်ပိတ်ပင်၊ သံဃာနှင့် သီလရှင်များအတွက် ဆွမ်းကိစ္စ အစိုးရက တာဝန်ယူမည်
Aung Ko Latt
·
April 6, 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလာခွင့်ကို ဧပြီ ၆ ရက် ည ၁၂ နာရီအချိန်ကနေ စတင်ကာ ဧပြီ ၂၁ ရက် ည ၁၂ နာရီအထိ ၂ ပတ်ကျော်ကြာပိတ်ပင်လိုက်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။  အမိန့်စာအရ ကျန်းမာရေး၊ နာရေးကိစ္စတွေကလွဲလို့ တခြားကိစ္စတွေအတွက် သွားလာတာတွေကို သက်ဆိုင်ရာ မြို့နယ်တွေဆီမှာ ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။  ခရီးသွားလာခွင့် ပိတ်ထားတဲ့ ကာလအတွင်း ရဟန်းသံဃာ၊ သီလရှင်တွေအတွက် ဆွမ်းကိစ္စအခက်အခဲကို အစိုးရကနေ တာဝန်ယူ လှူဒါန်းသွားမှာဖြစ်လို့ စေတနာရှင် အလှူရှင်တွေ အနေနဲ့လည်း လာရောက်လှူဒါန်းနိုင်တယ်လို့ အစိုးရအဖွဲ့ကနေ အသိပေးနှိုးဆော်ထားပါတယ်။ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ဒီနေ့ ကက်ဘိနက်အစည်းအဝေးမှာ အဲဒီကိစ္စကိုလည်း ထည့်သွင်းထားပါတယ်။ ဆွမ်းကွမ်း အခက်အခဲဖြစ်နိုင်တဲ့ ကျောင်းတိုက်တွေကို သက်ဆိုင်ရာမြို့နယ်စီခန့်တွေကို စာရင်းပေးထား နိုင်တယ်။ မြို့နယ်စီခန့်တွေကတဆင့် ဆွမ်း၊ ကျန်းမာရေးကိစ္စအခက်အခဲမဖြစ်အောင် ကူညီပေး သွားမှာပါ။ အလှုရှင်တွေအနေနဲ့လည်း မြို့နယ်စီခန့်နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။"လို့ ပြောပါတယ်။ ဒါ့အပြင် လူစုလူဝေးဖြစ်စေတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လို နေရာတွေကိုလည်း ပိတ်ခိုင်းထားပြီး ခရီးသွားလာခွင့်တွေပါ ပိတ်လိုက်တာဖြစ်ပါတယ်။ အဲဒီအတွက် စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်တဲ့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေအတွက် အခြေခံစားသောက်ကုန်တွေကို သက်ဆိုင်ရာ ရပ်ကျေးတွေကတဆင့် တင်ပြလာတာကို စိစစ်ပြီး ဝေငှပေးသွားမယ်လို့လည်း ဆိုပါတယ်။  လက်ရှိမှာလည်း အစိုးရအဖွဲ့ကနေ မြို့တစ်မြို့အတွက် ကျပ်သိန်း ၂၀၊ မြို့နယ်တစ်မြို့နယ် အတွက် ကျပ်သိန်း ၅၀၊ ခရိုင်တစ်ခရိုင်အတွက် ကျပ်သိန်း ၈၀ ခွဲဝေပေးထားပါတယ်။  ဒါ့အပြင် အလှူရှင်တစ်ချို့ကလှူဒါန်းတဲ့ ဆန်အိတ် ၉၀၀ ကျော်လည်း ရှိနေပြီဖြစ်တဲ့အပြင် အစိုးရအဖွဲ့အနေနဲ့လည်း သဘာဝဘေးအန္တရာယ်ရန်ပုံငွေ ကျပ်သိန်း ၉၀၀၀ ကျော်  အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။  အခြေခံစားသောက်ကုန် ပြတ်တောက်မှု မရှိစေရေးအတွက် စစ်ကိုင်းတိုင်းအတွင်းက ကုန်သည်စက်မှုလက်မှုအသင်းနဲ့ တွေ့ဆုံကာ ညှိနှိုင်းထားတယ်လို့လည်း ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ငွေကြေးဘယ်လောက်သုံးစွဲမယ်ဆိုတာတော့ ရောဂါဖြစ်ပွားမှုအပေါ်မူတည်ကာ သုံးစွဲရမှာဖြစ်တဲ့အတွက် အကန့်အသတ်မရှိဘူးလို့လည်း တိုင်းအစိုးရ တာဝန်ရှိသူက ပြောဆိုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024