ဝမ်းရေးအခက်ကြုံနေသည့် ဆိုက်ကားဆရာများအတွက် ရိက္ခာလှူဒါန်
ညီငယ်
·
April 6, 2020
COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေချိန်မှာ ဝမ်းရေးပိုမိုခက်ခဲလာနေတဲ့ ရန်ကုန်မြို့က အနှေးယာဉ် ဆိုက်ကားဆရာတွေအတွက် ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားကုန်တွေကို By More ပရဟိတအဖွဲ့က လိုက်လံလှူဒါန်းပေးနေပါတယ်။
COVID-19 ကူးစက်ခံရနိုင်တာကြောင့် ပြည်သူတွေအများစုက နေအိမ်ကနေ အပြင်မထွက်ဘဲနေနေကြချိန်မှာ တနေ့လုပ်တနေ့စား ဆိုက်ကားဆရာတွေကတော့ မဖြစ်မနေ ဝမ်းစာအတွက် ပြင်ထွက်ပြီး ငွေရှာနေကြရတာပါ။
ဒါပေမဲ့ စီးမယ့်ခရီးသည်မရှိလို့ ဝမ်းရေးခက်ခဲလာတာတွေ့ရလို့ စားနပ်ရိက္ခာတွေ အခုလိုလှူဒါန်းရတာ ဖြစ်ကြောင်း By More အဖွဲ့က ကိုမင်းရသက ဒီဗွီဘီကို ပြောပါတယ်။
မတ်လ ၄ ရက်က မြောက်ဥက္ကလာပ မြို့နယ်ထဲက ဆိုက်ကားဆရာတွေကို စတင်လှူဒါန်းခဲ့ရာက လူမှုကွန်ရက်စာမျက်နှာတွေမှာ လူသိများလာပြီး ပါဝင်ကူညီလိုတဲ့ သူတွေလည်း ဆက်သွယ်လာတယ်လို့ဆိုပါတယ်။
By More အဖွဲ့အနေနဲ့ ဆိုက်ကားဆရာ တစ်ဦးကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်၊ ကုလားပဲ၊ အချိုမှုန့်၊ ကြာဇံ၊ ငါးသေတ္တာ၊ အသားတု အားလုံး ၁၂ မျိုးပါတဲ့ ကျပ်တစ်သောင်းတန် ရိက္ခာအထုပ်တွေ လိုက်လံလှူပေးနေတာပါ။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖွဲ့ထားတဲ့ By More အဖွဲ့ဟာ ပညာရေးအတွက် မိဘမဲ့ ကလေးတွေနဲ့ စာသင်ကျောင်းတွေကို ကူညီပေးနေတဲ့အဖွဲ့ဖြစ်ပြီး ဆက်သွယ်ပူးပေါင်းချင်သူတွေ အနေနဲ့ ဖုန်းနံပတ် 09 887786070 ကို ဆက်သွယ်နိုင်ပါတယ်။