DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ညမထွက်ရ အချိန်ကျော်သဖြင့် အရေးယူခံရသူများ
DVB
·
April 2, 2013
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်းက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့မြို့နယ်တချို့မှာ အကြမ်းဖက်ဖျက်ဆီးသူတွေကို ဖမ်းဆီးအရေးယူတာထက် ညမထွက်ရအချိန်ကျော်လို့ အရေးယူတာ များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တရားရုံးက လွန်ခဲ့တဲ့ရက်ပိုင်းက တုတ်တွေကိုင်ဆောင်ပြီး ပေါင်းတည်မြို့ပေါ် တက်လာတဲ့ ရွာသား ၁၀ ယောက်ကို မနေ့က ပုဒ်မ ၁၈၈ ကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

သာယာဝတီအနောက်ခြမ်းဘက်က မြို့နယ်တွေမှာ ဘာသာရေးအဆောက်အဦတွေနဲ့ လူနေအိမ်ခြေတွေကို ဖျက်ဆီးနေချိန်မှာ ပေါင်းတည်မြို့ပေါ်ကို တက်လာတဲ့ လူအုပ်ထဲက ၁၀ ဦးကို ဖမ်းဆီးပြီး တရားစွဲဆို ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပေါင်းတည်ဒေသခံက “၁၀ ယောက်ကို မနေ့တုန်း ၃ လ အမိန့်ချလိုက်ပါတယ်။ ၁၈၈ ထုတ်ပြန်ပြီး ဖမ်းလိုက်တော့ အဲဒီအမှုနဲ့ဆွဲလိုက်တာ” လို့ ပြောပါတယ်။

မင်းလှ၊ မိုးညို၊ နတ္တလင်း၊ ကြို့ပင်ကောက် စတဲ့မြို့တွေမှာ အကြမ်းဖက်သမားတွေက ဖျက်ဆီးနေချိန်မှာ ပေါင်းတည်မြို့က မြို့မိမြို့ဖတွေ၊ နယ်မြေခံရဲ၊ တပ်နဲ့ လူငယ်ကွန်ရက်တွေ စုပေါင်းပြီး မြို့ကို အကြမ်းဖက်သမားရန်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီပြစ်ဒဏ်ပေးမှုဟာ သမ္မတက အကြမ်းဖက်ဖျက်ဆီးသူတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ ရဲကို ညွှန်ကြားခဲ့ပြီးနောက် အပြစ်ပေးမှု ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရဲမှူးကြီးကလည်း လက်ပံတန်းမြို့ကိုရောက်စဉ်က အကြမ်းဖက်ဖျက်ဆီးသူတွေကို အရေးယူမယ်လို့ ပြောဆိုသွားခဲ့ကြောင်း လက်ပံတန်းမြို့က လွှတ်တော်အမတ် ဦးကျော်မင်းက ပြောဆိုပြီး ခုထိတော့ ကိုင်တွယ်တာ မကြားရသေးဘူးလို့ ပြောပါတယ်။

“တိုင်းရဲတပ်ဖွဲ့မှူးကြီး ပြောသွားတာက သူတို့ အရေးယူမယ်ပေါ့။ ဇီးကုန်းမှာဆိုရင် ၁၀ ယောက်လောက် ဖမ်းထားတဲ့အကြောင်းတွေ ပြောတယ်။ ဒီကနေ သွားပြီးတော့ မင်းလှ၊ မိုးညိုတို့ကို သွားပြီး ဖမ်းမယ်၊ ဆီးမယ်ဆိုတဲ့အကြောင်းတွေလည်း ပြောသွားတယ်။ ဒါပေမယ့် နယ်ခံတွေ လှမ်းဆက်သွယ်ကြည့်တော့ ဖမ်းတာ ဆီးတာ မရှိဘူးလို့ ပြောတယ်။ ”

ဖျက်ဆီးမှုဒဏ်ကို အပြင်းအထန်ခံစားရတဲ့ မိုးညိုနဲ့ မင်းလှမြို့နယ်တွေ၊ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း ရာနဲ့ချီတဲ့ အကြမ်းဖက်ဖျက်ဆီးသူတွေကို  အရေးယူ ကိုင်တွယ်တာ မရှိသေးပါဘူး။ ဒါပေမယ့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက် အချိန်ကျော်လို့ ဖမ်းဆီးသူတွေတော့ ရှိတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

မင်းလှမြို့ခံတဦးက “မနက် ၁ နာရီတိုးပေးတယ်၊ ည ၁ နာရီလျော့တယ်ဆိုတော့ ၁၄၄က ၂ နာရီလျော့သွားတာပေါ့။ ထပ်ပြီးဆွဲတာတော့ မကြားသေးဘူး။”

မိုးညိုမြို့ခံတဦးကတော့ အကြမ်းဖက်သူမဟုတ်ဘဲ အချိန်ကျော်လို့ ဖမ်းထားတဲ့ ၁၁ ဦးကို ရှိတယ်လို့ ပြောပါတယ်။

“၁၁ ယောက်ဖမ်းထားတယ်။ သောကြာနေ့က အာမခံနဲ့ စခန်းကနေ လွှတ်ပေးလိုက်တယ်။ တနလာင်္နေ့ကျတော့ တရားရုံးမှာ ပြန်ဖြေရှင်းရတယ်။ တရားရုံးက အာမခံပြန်လျှောက်ဖို့ နောက်တပတ်ကြာတော့ ပြန်ချိန်းတယ်။”

ဒီလို အကြမ်းဖက်ခံရတဲ့ သာယာဝတီအနောက်ခြမ်းက မြို့နယ်တွေကို ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်း၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာကြည်ဖြူသျှင်၊ ဒေါ်နီလာသိန်းနဲ့ ဗကသက ကျောင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အပြစ်မဲ့နာကျင်မှုများအတွက် စာနာလက်များဆိုတဲ့ ခေါင်းစဉ်နဲ့ ကွန်ရက်က အကြမ်းဖက် ဖျက်ဆီးခံခဲ့ရတဲ့ မြို့ ၆ မြို့မှာ ၁ မြို့ကို ငွေနဲ့ ဆန်၊ အ၀တ်အစား၊ ဆေးဝါးနဲ့ ပစ္စည်းအသုံးအဆောင်တွေ သွားရောက်လှူခဲ့ပါတယ်။

ကြို့ပင်ကောက်မြို့ကို ရောက်ရှိပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားလို့ လှည့်ပြန်ခဲ့ရပေမယ့် အလှူပစ္စည်းတွေကိုတော့ ပေးအပ်ခဲ့ပါတယ်။

အဲဒီပစ္စည်းတွေကို ဝေငှရာမှာ အဆင်ပြေချောမွေ့မှုတွေ ရှိသလို ကန့်သတ်မှုတွေကြောင့် ဒုက္ခသည်တွေလက်ထဲကို မရောက်သေးတာတွေလည်း ရှိပါတယ်။

ဇီးကုန်းမြို့ကတော့ ဒုက္ခသည်တွေအတွက် ဘာသာရေးခေါင်းဆောင်တွေ လက်ထဲကို အလှူပစ္စည်းတွေနဲ့ ငွေတွေ အပ်နှံလိုက်ပြီး ဖြစ်တယ်လို့ ဇီးကုန်းမြို့က ဒေါ်ခင်ဝိုင်းက ပြောပါတယ်။

ကြို့ပင်ကောက်မြို့မှာလည်း ပစ္စည်းတွေ ဝေငှပြီးပြီလို့ သိရပေမယ့် မင်းလှမြို့မှာတော့ လှူဒါန်းနိုင်ခြင်းမရှိသေးဘဲ ဖြစ်နေပါတယ်။

မင်းလှမြို့ခံ ဒေါ်လှလှမိုး ပြောပြတာကတော့ အဓိကအားဖြင့် ဆန်ပေးဝေဖို့လိုနေတယ်လို့ ပြောပါတယ်။
“မဝေရသေးဘူး။ မ၀တ ရုံးမှာထားပါဆိုလို့ ထားခဲ့ရတယ်။ ပထမ တိုင်းဥက္ကဋ္ဌကို တင်ရမယ်ဆိုတော့ တိုင်းဥက္ကဋ္ဌကိုတင်တော့ သူကဖတ်ပြီးပြီတဲ့။ တိုင်းဝန်ကြီးချုပ်ဆို ဆက်တင်ရဦးမယ်ဆိုပြီး မဝေရသေးဘူး။ ကျမက ဆန်ဝေချင်ပြီ။ တချို့ဆန်စားစရာမရှိဘူး။ မနေ့ကလည်း မဝေရဘူး။ မနေ့က ဝေဖို့ ခွဲတမ်းပုံချပြီးပြီ။ ဒီနေ့လည်း ဘာမှအကြောင်းမကြားဘူး။ ဝေချင်နေပြီ မဝေရသေးဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013