မိတ္ထီလာမြို့နယ်တွင် ဘုန်းကြီး ၂ ပါးစကားများရာက လူသတ်မှုဖြစ်
DVB
·
April 6, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဇီးချိုကုန်းရွာရှိ မြသိန်တန်းကျောင်းတိုက်မှာ ဧပြီ ၅ ရက်မနက်က ဘုန်းကြီး ၂ ပါး စကားများရာက လူသတ်မှုဖြစ်ပြီး ၁ ပါး ပျံလွန်သွားတယ်လို့ ကွက်ငယ်အုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြသိန်းတန်ကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦးနန္ဒာသီရိ (၃၁နှစ်) ဝါတော် ၁၁ ဝါ နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ သတင်းသုံးတဲ့ ဦးဝိသုတ္တ(၅၅နှစ်)ဝါတော် ၂၄ ဝါ ရှိတဲ့ ဥူးဇင်း ၂ပါး စကားများရာက မြသိန်းတန် ကျောင်းတိုက်အတွင်း ဆွမ်းစားဆောင်အနီး ရေတွင်းနားမှာပဲ ဦးနန္ဒာသီရိ ပျံလွန်တော်မူပါတယ်။
ကွက်ငယ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်စိုးက "ကွမ်းယာဆိုင်မှာ ဘုန်းတော်ကြီး ၂ ပါး ကွမ်းဝယ်ရာက စကားများ ရန်ဖြစ်ကြတယ်။ အဲဒီနောက် ကျောင်းထိုင်ဆရာတော်က မြသိန်းတန် ကျောင်းတိုက်ကို ပြန်တယ်။ ဥူးဇင်းက ထပ်လိုက်သွားတယ်၊ ဥူးဇင်းက ကတ်ကြေးနဲ့ထိုး တုတ်နဲ့ ရိုက်တာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူတယ်။ ပျံလွန်တော်မူတဲ့ ဆရာတော်က ဓမ္မာစရိယအောင်ထားတယ်။ ဥူးဇင်းကြီးကတော့ ဖြူးမြို့နယ် ဇာတိပါ၊ အစတုန်းကတော့ ၂ပါးလုံး ဒီကျောင်းတိုက်မှာပါပဲ။ နောက်တော့ ပျံလွန်တော်မူတဲ့ ဥူးဇင်းကို ရပ်ရွာက ကျောင်းအပ် လိုက်တယ်။ ဥူးဇင်းကြီးက နေပြည်တော်ဘက် ထွက်သွားတယ်။ အလည်ပြန်လာတာက လူသတ်မှု ဖြစ်သွားတာပါ စိတ်မကောင်းဖူးဗျာ"လို့ ပြောပါတယ်။
လူသတ်မှုကျုးလွန်တဲ့ ဥူးဇင်း လူအမည် မောင်နိုင် ကို မိတ္ထီလာမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဆီမှာ လူဝတ်လဲ သိက္ခာချပြီး ဖမ်းဆီးထားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းမှာ ဦးဝိသုတ္တ(ခ)မောင်နိုင် ကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း