အမ်းမြို့နယ် အလယ်ကျွန်းရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ နေအိမ် ၁ လုံးမီးလောင်
DVB
·
April 5, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု၊ အလယ်ကျွန်းရွာထဲ ဧပြီ ၄ ရက် ည ၈ နာရီလောက်က လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ဒါးလက်အလယ်ကျွန်းကျေးရွာနေ ဦးနုမောင်က “ည ၈ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးကျည် ၅ ချက် လောက်ကျတာပါ။ ပထမပစ်တဲ့ဟာကတော့ ရွာနားကပ်ပြီးတော့ ကျပါတယ်၊ ဒုတိယတချက်ကတော့ ကျောက်ပြားရဲ့ အိမ်ခြံထဲကို ကျတယ်။ အဲဒီမှာ နွားမကြီးတကောင် သေသွားတယ်၊ တကောင်က ဒဏ်ရာရသွားတယ်။ တတိယတချက်ကတော့ အဲဒီအိမ်ရဲ့ရှေ့ သုံး လေးအိမ်လောက်အကွာ ဦးသန်းအေး အိမ်ရှေ့ကို ကျတယ်။ ယမ်းစတွေတော့ ဟိုဒီလွင့်စဉ်သွားတာပေါ့၊၊ နောက်တလုံးက ဇော်မင်းထွန်းဆိုတဲ့ နေအိမ်ကို ကျတယ်၊ မီးထလောင်သွားတာပေါ့။ အဲဒီအချိန်မှာ ရွာကလူတွေ အကုန်လုံး လက်နက်ကြီးပစ်နေတဲ့ကြားက မီးဝိုင်းငြှိမ်းသတ်လိုက်လို့ နောက်အိမ်တွေကိုတော့ မီးမကူးလိုက်ဘူး” လို့ ပြောပါတယ်။
အဆိုပါ ဒါးလက်ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့ကြားတိုက်ပွဲ ဖြစ်ပွားတာတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
တပ်မတော်ကတော့ နေ့လယ် ၂ နာရီလောက်နဲ့ ညနေပိုင်းမှာ ကျေးရွာအနီးအနားရှိ တောင်တွေကို လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒါးလက်အလယ်ကျွန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းနဲ့ ဆက်သွယ်ရာမှာတော့ အစည်းအဝေးခန်းထဲ ရောက်နေတာကြောင့် နောက်မှဆက်သွယ်မေးမြန်းဖို့ ဖုန်းလက်ခံဖြေဆိုသူတဦးက ပြောပါတယ်။
အခုလို လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် ကျေးရွာနေဒေသခံတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။