စစ်ကိုင်းတိုင်းအတွင်း ခရီးသည်ပို့ဆောင်ရေးယာဉ်အားလုံး ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်
DVB
·
April 5, 2020
စစ်ကိုင်းတိုင်းထဲမှာ ခရီးသည်ပို့ဆောင်ရေးယာဉ်တွေအားလုံး ယာယီရပ်ဆိုင်းကြဖို့နဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ဆိုင်တွေကလွဲလို့ တခြားဆိုင်တွေအားလုံးကို ဧပြီ ၇ ရက်ကစပြီး ပိတ်ထားဖို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တာကြောင့် ပြန့်ပွားတာကို ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးက အိမ်မှာနေကြတာနဲ့ တယောက်နဲ့တယောက် မထိတွေ့အောင် နေကြဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်း တပ်ဆင်သွားရောက်ကြဖို့ လိုတယ်လို့လည်း အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မရှိမဖြစ် လိုအပ်တဲ့ စားသောက်ကုန်နဲ့ ဆေးဝါး ထုတ်လုပ်၊ ရောင်းချတဲ့လုပ်ငန်းတွေ ဆက်လုပ်ကြဖို့၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေ၊ ဘဏ်တွေ စတာတွေ ပုံမှန်အတိုင်း ဖွင့်လှစ်ကြဖို့ အမိန့်ထုတ်ပါတယ်။
ဟိုတယ်၊ တည်းခိုခန်းတွေ၊ ကစားကွင်း၊ ပန်းခြံနဲ့ အများပြည်သူ အပန်းဖြေတဲ့နေရာတွေကို ယာယီပိတ်ထားဖို့၊ ပြည်သူတွေကလည်း မသွားကြဖို့ ညွှန်ကြားထားပါတယ်။
ဒီလိုပိတ်တာဟာ ဧပြီ ၇ ရက် မနက်အစောပိုင်းကနေ ဧပြီ ၂၁ ရက်အထိ ဖြစ်ပါတယ်။
ခရီးသည်တင် မော်တော်ယာဉ်၊ ရေယာဉ်လိုင်းတွေကိုလည်း ယာယီပိတ်ထားရမယ်လို့ ဆိုပါတယ်။
တိုင်းထဲမှာ နေသူတွေအနေနဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေကို ကျန်းမာရေးနဲ့ နာရေးကလွဲလို့ မဖြစ်မနေ သွားလာရမယ်ဆိုရင်လည်း နေထိုင်တဲ့မြို့နယ်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီရဲ့ ထောက်ခံချက်ယူပြီးမှ သွားရမယ်လို့လည်း ဆိုပါတယ်။ မန္တလေးတိုင်းကတော့ ဒီလိုအမိန့်ကို မနေ့ကပဲ ထုတ်ပြန်ခဲ့ပါတယ်။