Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ Covid-19 ညွှန်ကြားချက် မလိုက်နာသဖြင့် အမှုဖွင့်ခံထားရသူ ၁၀ ဦးကျော်ရှိ
DVB
·
April 4, 2020
စစ်ကိုင်းတိုင်းမှာ တပတ်တာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက် မလိုက်နာတာကြောင့် အမှုဖွင့်ထားသူ ၁၀ ဦးကျော်ပြီလို့ သိရပါတယ်။ တမူး၊ ရေဦး၊ အရာတော်၊ ဝက်လက်၊ ပုလဲ၊ ယင်းမာပင်၊ ကျွန်းလှ စတဲ့ မြို့နယ် ၇ မြို့နယ်က လူ ၁၀ ဦးကျော်ကို အမှုဖွင့်ထားတာဖြစ်ပြီး အဲဒီထဲက တချို့ကို ငွေဒဏ်၊ ထောင်ဒဏ်တွေ ချမှတ်နေတာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ နေရပ်ပြန်လာသူတွေ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ကြ ဝန်ထမ်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကို တာဝန်ဝတ္တရားနှောင့်ယှက်ကြတဲ့ ဒေသခံအချို့ကို တာဝန်ရှိသူတွေကနေ အမှုဖွင့်ပြီး ငွေဒဏ်၊ ထောင်ဒဏ်တွေနဲ့ ရက်တိုအတွင်း အမိန့်ချအပြစ်ပေးတာတွေ ခပ်စိပ်စိပ် ပြုလုပ်နေပါတယ်။ ဧပြီလ ၂ ရက်နေ့က ပုလဲမြို့နယ်ကို နေရပ်ပြန်လာလို့ သီးသန့်စောင့်ကြည့်ခံနေရသူ မင်းနိုင် ဆိုသူကို ထောင်ဒဏ် ၆ လချမှတ်ခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်တရားရုံးကနေ တားမြစ်မိန့်မလိုက်နာဘဲ မင်္ဂလာဆောင်ခဲ့တဲ့ သတို့သား ထန်လင်းရှိန်(ခ)လင်းရှိန်ကို ထောင်ဒဏ် ၆ လ ချမှတ်ထားပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူ ဦးထန်ခိုလွန်ကိုလည်း နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အက်ဥပဒေပုဒ်မ ၅(၁) အရ ငွေဒဏ် ၁၀ သိန်း၊ သို့မဟုတ် ထောင်ဒဏ် ၆ လ ကျခံစေဖို့ အမိန့်ချခဲ့ပါတယ်။  ဒါ့အပြင် ဧပြီလ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်မှာ ၁၄ ရက် စောင့်ကြည့်ခံနေရတဲ့ နေရပ်ပြန် ဇင်မောင်မောင် ဆိုသူက အရက်သေစာသောက်စားပြီး လျှောက်သွားနေတဲ့အတွက် ဘေး/စီ ဥပဒေပုဒ်မ ၂၆ အရ ထောင်ဒဏ်တနှစ်ကျခံစေဖို့ မြို့နယ်တရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်ထားပါတယ်။  ကျွန်းလှမြို့နယ်မှာလည်း မတ်လ ၂၇ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့လို့ သတို့သား၊ သတို့သမီးနဲ့ ဖခင်ဖြစ်သူကို ဘေး/စီဥပဒေပုဒ်မ ၃၀(က)နဲ့ အမှုဖွင့်ထားပါတယ်။ ပုလဲမြို့နယ် ၂ ဦး၊ ယင်းမာပင်မြို့နယ်၊ ရေဦးမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့က ၁ ဦးစီ ကိုလည်း အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်ထားပါတယ်။ အမိန့်ညွှန်ကြားချက် မလိုက်နာရင် အခုလို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေတွေနဲ့ အရေးယူမယ့်အကြောင်းကိုလည်း မြို့နယ်အလိုက် အစိုးရအဖွဲ့ကနေ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။  အထူးသဖြင့် နေရပ်ပြန်လာသူတွေ၊ ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို အဓိက စောင့်ကြပ်နေပြီး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အရက် ဘီယာဆိုင်၊ ထမင်းဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။  ဒါ့အပြင် ကာရာအိုကေ၊ အနှိပ်ခန်းတွေကိုလည်း ပိတ်ထားဖို့ ညွှန်ကြားထားပြီး မလိုက်နာရင် အရေးယူမယ်လို့လည်း အမိန့်စာ ထုတ်ပြန်ထားတာပါ။ တိုင်းအတွင်း ရောဂါကူးစက်သူ မရှိသေးပေမယ့် ရောဂါရှိသူ လာရောက်ခဲ့တာကြောင့် တချို့နေရာတွေကို Lock Down ချထားပြီး အဝင်အထွက်ပိတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024