မြဝတီမြို့၌ ရေတွင်းထဲကျသွားသည့်မျက်မှန်ကို ဆင်းဆယ်ရာမှ အလုပ်သမား ၃ ဦး ရေနစ်သေဆုံး
DVB
·
April 4, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲထော်သလေးအသွားလမ်း ပတ္တမြားဓာတ်ဆီဆိုင်ဝင်းအတွင်း ဧပြီ ၃ ရက်နေ့ ညနေပိုင်းက ရေတွင်းထဲ မျက်မှန်ကျသွားလို့ ဆင်းဆယ်တဲ့ အလုပ်သမား ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။
အလုပ်သမားတဦး ရေတွင်းထဲ မျက်မှန် ဆင်းဆယ်ရာမှ ပြန်တက်လာခြင်းမရှိတဲ့အတွက် နောက်ထပ် ၂ ဦး ဆင်းရာမှ ၃ ဦးလုံး ရေနစ်သေဆုံးသွားတာပါ။
မြဝတီမြို့ ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူတွေက သေဆုံးသွားသူတွေကို ဝိုင်းဝန်ကူညီဆယ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ ပန်းရံအလုပ်သမားဖြစ်ပြီး ကိုရဲ အသက် (၂၅ နှစ်)၊ ၄၅ နှစ်အရွယ်ရှိ ကိုထွန်းထွန်းနဲ့ ကိုထွန်းထွန်းနိုင်တို့ကို ညနေ ၇ နာရီမှာ ရေတွင်းထဲက ဆယ်တင်နိုင်ခဲ့ပြီး မြဝတီမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးထားတယ်လို့ သိရပါတယ်။
သေမှုသေခင်းနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း ဟုတ်မဟုတ် မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦးက တရားလိုပြုပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။