Mandalay Smart Pay application ဖြင့် လျှပ်စစ်မီတာခ ပေးချေနိုင်ပြီ
DVB
·
April 4, 2020

Covid 19 ကာလအတွင်း အိမ်အပြင်ထွက်ပြီး မီတာခ ပေးဆောင်ဖို့ ခက်ခဲသူတွေအနေနဲ့ Mandalay Smart Pay application ကနေ ပေးချေနိုင်ပြီလို့ ရတနာပုံဘဏ်ကနေ သိရပါတယ်။
မန္တလေးတိုင်းအတွင်း အွန်လိုင်းအသုံးပြုကာ ဓာတ်အားခပေးသွင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ဖို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနဲ့ ရတနာပုံဘဏ်လီမိတက်တို့ ပူးပေါင်းစာချုပ် ချုပ်ဆိုထားတာပါ။
ရတနာပုံဘဏ်နဲ့ ချိတ်ဆက်ပြီး ဓာတ်အားခပေးဆောင်ရာမှာ ဘဏ်ဝန်ဆောင်ခ ၂၀၀ ကျပ်ကို ကောက်ခံမှာ မဟုတ်ဘူးလို့ ဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဒေါ်မိုးစန်းဦးက ပြောပါတယ်။
“MESC ဘက်ကို ၁၀၀ ပဲ ကောက်ပေးပြီးတော့မှ အစ်မတို့က ဒီတိုင်းပဲ ပြည်သူတွေကို အခမယူဘဲနဲ့ အလကား ပေးဆောင်ခိုင်းမှာ။”
COVID-19 ရောဂါ ကူးစက်ကာလမှာ ပြည်သူတွေ ငွေကြေးကိုင်ဆောင်မှု လျော့နည်းစေဖို့၊ ငွေပေးငွေချေကိစ္စတွေ အဆင်ပြေစေဖို့ ၂၄ နာရီ အခွန်အခပေးဆောင်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။
လတ်တလောမှာာလည်း လူထုက အွန်လိုင်းပေးချေစနစ်ကို အသုံးပြုမှု များပြားလာတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းအတွင်း မြို့နယ် ၃၄ မြို့နယ်လုံးကနေ ပေးချေနိုင်ဖို့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး မန္တလေးခရိုင်အတွင်းမှာတော့ အခုလကတည်းက ပေးဆောင်နိုင်ပြီး အခြား မြို့နယ်တွေမှာတော့ မေလမှ ပေးဆောင်နိုင်မယ်လို့ သိရပါတယ်။
မြန်မာ့လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေနဲ့ မန္တလေးမြို့မှာ CB ဘဏ်, AGD ဘဏ်၊ ဧရာဝတီဘဏ်၊ MAB၊ ကမ္ဘောဇဘဏ်၊ First private Bank၊ ရတနာပုံဘဏ်တို့ကနေ အွန်လိုင်းစနစ်နဲ့ လျှပ်စစ်ဓာတ်အားခ ပေးဆောင်နိုင်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
ထိန်ထိန်လင်း