COVID-19 နှင့်ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဒေါက်တာသာထွန်းကျော်ကို တာဝန်ပေး
DVB
·
April 4, 2020
COVID-19 နဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကို တာဝန်ပေးအပ်လိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဘက်စုံ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး အများပြည်သူနဲ့ သတင်းမီဒီယာတွေကို ဆက်သွယ်အသိပေးပြောကြားဖို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်အား တာဝန်ပေးအပ်လိုက်ပြီး ဖုန်းနံပါတ် ၀၉-၄၄၀၄၂၂၁၅၄ ကို ဆက်သွယ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ အယောက် ၂၀ နဲ့ သေဆုံးသူ ၁ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။