A d v e r t i s e m e n t With Us

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား ၆ ဦး အင်းစိန်ထောင်က ပြန်လွတ်

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာနဲ့ သတင်းအမှောင်ချခံရတာတွေ  ချက်ချင်း ရပ်တန့်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား ၆ ဦးတို့   ဒီကနေ့ ဧပြီလ ၃ ရက်နေ့က အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။ မတ်လ ၂၃ ရက်က ရန်ကုန်မြို့ လှည်းတန်းမှာ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုခဲ့တဲ့ကျောင်းသားတွေကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က တရားလိုပြုလုပ်တိုင်တန်းကာ အမှုဖွင့်ခဲ့တာပါ။ ဒီနောက် တရားစွဲဆိုခံရသူ ကျောင်းသားတွေကို ကမာရွတ်မြို့နယ်တရားရုံးက   အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်တာပါ။  ရဲတပ်ဖွဲ့က ထပ်တိုးဖမ်းဆီးခဲ့တဲ့ ဗကသများအဖွဲ့ဝင်  ကိုသက်တင်အောင်ကတော့ လာမယ့် ဧပြီလ ၁၃ ရက်ကျမှ ပြန်လွတ်လာမှာဖြစ်ပါတယ်။  ဗကသကျောင်းသားတွေဟာ တရားခွင်အတွင်း အကြမ်းဖက်ရိုက်နက်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီ တစ်ရပ် ဖွဲ့စည်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။  ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကတော့  လက်ရှိမှာ အကျဉ်းထောင်အတွင်း သတ်မှတ်ထားတဲ့ အကျဉ်းသား ဦးရေ ပိုများပြားနေပြီး အကျဉ်းထောင်အတွင်းမှာ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေကြောင်း  ဒါပေမယ့် COVID- 19 ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားတဲ့အခြေအနေကတော့ အားရစရာတော့ မရှိဘူးလို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP )ကတော့  အကျဉ်းထောင် ၊ အကျဉ်းစခန်းနဲ့ အချုပ်ခန်းတွေမှာ COVID- 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဖို့ မတ်လ ၁၈ ရက်နေ့က  အကြံပြုတိုက်တွန်းထားပါတယ်။  AAPP  ရဲ့ တိုက်တွန်းတောင်းဆိုချက်ကို သမ္မတရုံးဘက်က လက်ခံရရှိကြောင်း ပြန်စာပြန်ပို့ထားပြီး အစိုးရဘက်က ဘယ်လိုဆက်လက်လုပ်ဆောင်မယ်ဆိုတာတော့ မသိရသေးဘူးလို့  AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။ အစိုးရအနေနဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသား သုံးပုံ တစ်ပုံ  လျှော့ချတာတွေ လုပ်ဆောင်သင့်သလို ထောင်ထဲမှာ ရှိနေတဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို   ပိုမို လုပ်ဆောင်သင့်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။   လက်ရှိမှာ အကျဉ်းထောင်မှာ   ပြင်ပက လာရောက်သူတွေအတွက် အဖျားတိုင်းတာ စစ်ဆေးတာနဲ့ လက်ဆေးကန်တွေလည်း လုပ်ဆောင်ပေးထားပါတယ်။ ဒါ့အပြင် COVID- 19    ကြိုတင်ကာကွယ်ဖို့ အကျဉ်းထောင်အတွင်း ဧည့်တွေ့ဆုံတာနဲ့ပတ်သက်ပြီး အကျဉ်းသားတစ်ဦးကို မိသားစုဝင်တစ်ဦးနဲ့သာ တွေ့ဆုံခွင့်ပေးထားသလို ထောင်ဝင်စာ ဧည့်တွေခွင့်ကိုလည်း   ဧပြီ ၁၀ ရက် ၁၉ ရက်အထိ ပိတ်ပင်ထားပါတယ်။   နန့်ခိုင်

A d v e r t i s e m e n t With Us

More News
Up