ဘားအံခရိုင်တွင် သံသယ ၂ ဦးနှင့် စောင့်ကြည့် ၇ ဦးတွေ့ရှိ
DVB
·
April 3, 2020
ဘားအံခရိုင်အတွင်းမှာ ထိုင်းနိုင်ငံနယ်စပ်ကနေ မြဝတီမြို့ကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 စောင့်ကြပ်ကြည့်ရှုရေး (Quarantine Center) နေရာ ၁၁ ခုမှာ သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၇ ဦး တွေ့ရှိထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမှာ ဧပြီ ၃ ရက် မနက်ပိုင်းက COVID-19 ကာကွယ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ ကုသပေးနေမှုနဲ့ပတ်သက်ပြီး မီဒီယာတွေကို အခုလို ပြောကြားခဲ့တာပါ။
ဘားအံခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးစန်းမော်က “ဘားအံခရိုင်အတွင်းမှာတော့ ဒီနေ့အချိန်အထိတော့ သံသယလူနာ ၂ ဦးနဲ့ စစ်ဆေးဆဲလူနာ ၇ ဦးရှိတယ်”လို့ ပြောပါတယ်။
သံသယလူနာနဲ့ စောင့်ကြည့်လူနာ ၉ ဦးလုံးဟာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပြီး ဓာတ်ခွဲတွေ့ရှိချက်တွေကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ထားကာ သီးသန့် စောင့်ကြပ်ကြည့်ရှု ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။
ပြည်ပနိုင်ငံတွေကနေ ပြန်ဝင်ရောက်လာသူတွေအနေနဲ့ ရောဂါကို တွေးကြောက်နေတာထက် မိမိမိသားစု၊ ပတ်ဝန်းကျင်နဲ့ မြန်မာတနိုင်ငံလုံးမထိခိုက်အောင် လိမ်ညာပြောဆိုမှုတွေ မပြုလုပ်ကြဖို့ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတဦးက တိုက်တွန်းပါတယ်။
ထိုင်းက ပြန်လာတဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကညွှတ်ရိုးကျေးရွာနေ ကိုအောင်ကိုလင်းက “သူတို့စိတ်ထဲမှာ သေမှာကိုဘဲ သူတို့စိတ်ထဲမှာတွေးနေလား မသိဘူး။ အဲဒါကြီးကို တွေးကြောက်ပြီးတော့ လိမ်ညာပြီးပြောတော့ မိသားစု၊ ပတ်ဝန်းကျင်ထိခိုက်တယ်။ နောက် မြန်မာတနိုင်ငံလုံး ထိခိုက်တယ်။ ဘယ်တော့မှ မလုပ်ပါနဲ့။”
မြဝတီနယ်စပ်ကနေတဆင့် ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးကို တရားဝင်နယ်စပ်ဂိတ်တွေအပြင် မလွယ်(သူခိုး)ပေါက်တွေက မတ် ၂၀ ရက်နေ့မှ ဒီကနေ့အထိ လူဦးရေ ၆ သောင်းနီးပါးဝင်ရောက် လာခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မတ် ၃၀ ရက်ကစတင်ပြီး ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆၅၀ ဦးကို ဘားအံမြို့နဲ့အနီးတဝိုက် စောင့်ကြပ်ကြည့်ရှုရေး(Quarantine Center)နေရာ ၁၁ ခုမှာ စောင့်ကြပ်ကြည့်ရှုထားပါတယ်။
ကရင်ပြည်နယ်အတွင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှုးတွေရဲ့အစီအစဉ်နဲ့ ရပ်မိရပ်ဖတွေ ရပ်ရွာအသင်းအဖွဲ့တွေကနေပြီး ပြည်ပနိုင်ငံတွေ ပြန်လာသူတွေကို မိမိတို့ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောင်အဦတွေမှာ ၁၄ ရက် စောင့်ကြည့်မှုတွေ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ရဲမင်းခေါင်