မန္တလေး-မြစ်ကြီးနား အဲကွန်းလေအိတ်ရထားခရီးစဉ် ယာယီရပ်ဆိုင်း
DVB
·
April 3, 2020
မကြာသေးခင်က အသစ်ပြေးဆွဲခဲ့တဲ့ အထက်မြန်မာပြည် မန္တလေး - မြစ်ကြီးနား အဲကွန်း တွဲဆိုင်းလေအိတ်ရထားကို ခရီးသည်နည်းပါးတာကြောင့် စတင်ပြေးဆွဲပြီး ၂ ပတ်မပြည့်မီ ယာယီရပ်နားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၀ ဦးရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း ခရီးသွားလာမှု နည်းပါးသွားတဲ့တွက် အဆန်ရထားတွေကို ဧပြီလ ၃ ရက်နေ့က ရပ်နားလိုက်ပြီး အစုန်ရထားကိုတော့ ဧပြီလ ၄ ရက်နေ့ ရပ်ဆိုင်းတော့မယ်လို့ မိုးညှင်းဘူတာ တာဝန်ရှိသူက ပြောပါတယ်။
ပြန်လည် ပြေးဆွဲမယ့် ရက်ကိုတော့ မြစ်ကြီးနား တိုင်း သွားလာရေးကနေ ပြန်လည်ကြော်ငြာပေးမယ်လို့ ဆိုပါတယ်။
အဲဒီ အထက်မြန်မာပြည် အဲကွန်း တွဲဆိုင်းလေအိတ်ရထား ပြေးဆွဲမှုကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် မတ်လ ၂၁ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ပြေးဆွဲမှု ၂ ပတ်မပြည့်ခင်မှာ အခုလို ရပ်နားလိုက်ရတာပါ။ တခြား ရထားခရီးစဉ်တွေကတော့ ရပ်နားခြင်းမရှိဘူးလို့လည်း သိရပါတယ်။