Home
မြန်မာသတင်း
အေပီနှင့် အန်အိပ်ခ်ျကေ သတင်းဌာန၂ ခုကို ရန်ကုန်တွင် ရုံးခန်းဖွင့်ခွင့်ပြု
ရွှေအောင်
·
April 1, 2013
နိုင်ငံခြားသတင်းဌာနတွေဖြစ်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေ သတင်းဌာန ၂ ခုကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့် သတင်းယူခွင့်ပြုလိုက်ပါတယ်။ သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ပဲ ခွင့်ပြုလိုက်တာလို့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။ “ဟုတ်တယ်ဗျ။ ဒီမှာအခြေပြုပေါ့။ ဒီမှာရုံးခွဲ၊ ရုံးခန်းလေးတွေရှိမယ်။ ရိုက်တာပါ စိစစ်ပြီးပေးပါတယ်။ သူတို့ဘက်က ပျက်ကွက်တာပါ။ ကျနော်တို့ပေးတော့မယ်၊ သူတို့ဘက်က လာပြီး လိုအပ်တဲ့ အချက်အလက်တွေတင်ပါဆိုတော့ မတင်နိုင်ဘူး။ ကျနော့်ဆီ ၃ ခုပဲ လျှောက်တာပါ။ ၃ ခုပေးလိုက်တယ်။ ရိုက်တာက သူ့တို့အားနည်းချက်ကြောင့် အချိန်မီတင်ဆိုတဲ့အခါ သူတို့မတင်နိုင်ဘူး။ ကျန်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေပဲ ဒီနေ့ပဲ လက်မှတ်ထိုးပေးလိုက်တယ်။” ဒါဟာ အစိုးရသစ်လက်ထက် နိုင်ငံခြားသတင်းဌာန ၂ ခုကို ပထမဆုံးအကြိမ် ရန်ကုန်အခြေပြု သတင်းရုံးခန်းဖွင့် ခွင့်ပြုတာဖြစ်တယ်။ မကြာခင်မှာလဲ ကျိုဒိုသတင်းဌာနကို ခွင့်ပြုပေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။ ရန်ကုန် အေပီသတင်းဌာနက ဒေါ်အေးအေးဝင်းကတော့ မြန်မာပြည်မှာ အခုလို ဗျုရိုရုံးခန်းဖွင့်ပြီး သတင်းယူခွင့်မပြုတာ ကြာပြီမို့ ထူးခြားသလို ဖြစ်နေတာလို့ ပြောပါတယ်။ “မြန်မာပြည်မှာ နိုင်ငံခြားသတင်းဌာန ရုံးခွဲဖွင့်ခွင့်မပေးတာ နှစ်ပေါင်းတော်တော်ကြာပြီလေ။ အခု ဖွင့်ပြီးလုပ်ခွင့်ပြုတယ်ဆိုတော့ နိုင်ငံခြားသတင်းထောက်တွေလာရင် သူတို့အနေနဲ့ ၁ နှစ်လောက် သူတို့ ထုတ်ပေးနိုင်သွားပြီ။ ဥပမာ သတင်းထောက်ရဲ့ မိသားစု ၁ နှစ် လာနေမယ်ဆိုလည်း ဗီဇာလျှောက်ရင် အဆင်ပြေသွားတာပေါ့။ ” “နောက် အလုပ်လုပ်တာ ဒီလူတွေကပဲ ဒီသတင်းတွေလုပ်နေတာပဲ။ ဒါပေမယ့် မြန်မာပြည်မှာ အခြေစိုက်ပြီးလုပ်နိုင်တဲ့အခါကျတော့ လူတွေအလုပ်တာဝန် နည်းနည်းခွဲပြီးလုပ်နိုင်တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တာပေါ့။ အခု ဒါပထမဆုံးခွင့်ပြုလိုက်တာ အေပီနဲ့ အန်အိတ်ခ်ျကေဆိုတော့ တခါမှပေးမဖွင့်ခဲ့ဘဲ အခုမှ ပေးဖွင့်တာ ထူးခြားတာပေါ့။” အရင်စစ်အစိုးရလက်ထက်မှာ တရုတ်သတင်းဌာန ၂ ခုဖြစ်တဲ့ ဆင်ဟွာနဲ့ ကူမင်းဒေးလီး သတင်းဌာနတွေကိုပဲ ဗျုရိုရုံးခန်း ဖွင့်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ အခုရန်ကုန်မှာ ရုံးခန်းဖွင့် အခြေပြုခွင့်ရလိုက်တဲ့ အေပီသတင်းဌာနဟာ သက်တမ်းရင့် အမေရိကန် သတင်းဌာန တခု ဖြစ်ပြီး အန်အိပ်ခ်ျကေသတင်းဌာနကတော့ ဂျပန်က နာမည်ကြီး သတင်းဌာန တခု ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024