ဂါဇာတွင် ကိုရိုနာဗိုင်းရပ်စ် သတိပေး ကိတ်များ ရောင်းကောင်း

959
အရှေ့အလယ်ပိုင်း ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကိတ်တွေ ရောင်းကောင်းနေပါတယ်။
ခန်းယူနွတ်စ်အရပ်က မုန့်တိုက်ပိုင်ရှင် မိုဟာမက်အယ်ခါတစ်က သူ့ဆိုင်မှာ ပုံစံသစ် ကိတ်တွေကို ရောင်းချနေတာပါ။
အဲဒါကတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေချိန်မှာ ကြိုတင်သတိပေးတဲ့အနေနဲ့ နှာခေါင်းစည်း တပ်ထားတဲ့ ကလေးငယ်ပုံစံ ကိတ်တွေ ဖြစ်ပါတယ်။
ဆိုင်ပိုင်ရှင် ခါတစ်က “ကိုရိုနာဗိုင်းရပ်စ် ကိတ်သတင်းက ဆိုရှယ်မီဒီယာမှာ ပလူပျံသွားတယ်။ ဒါနဲ့ နောက် ၃ ရက်လောက်နေတော့ မွေးနေ့ပွဲတွေ၊ မင်္ဂလာဆောင်တွေအတွက် အမှာစာတွေ အများကြီး ရလာတယ်” လို့ ပြောပါတယ်။
အဲဒီကိတ်တွေဟာ အမေရိကန် ၃ ဒေါ်လာကနေ ၈ ဒေါ်လာကြား တန်ဖိုးနဲ့ညီမျှတဲ့ ပါလက်စတိုင်းငွေနဲ့ ဆိုင်မှာဝယ်ယူနိုင်သလို အိမ်အရောက် ပို့ဆောင်တာလည်း ရှိပါတယ်။
ဒါဟာ လူအတော်များများ မစွန့်စားရဲတဲ့ အခုအချိန်မျိုးမှာ ခါတစ်အဖို့ ဝင်ငွေရင်းမြစ် တခုလည်း ဖြစ်ပါတယ်။
လက်ရှိ ပါလက်စတိုင်းနယ်မြေတွေမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၁၉ ယောက်မှာ ၁၂ ယောက်က ဂါဇာဒေသက ဖြစ်ပြီး တခါက သေနတ်ဒဏ်ရာ လူနာတွေကို ကုသပေးခဲ့တဲ့ ဆေးရုံတွေဟာလည်း အခုဆိုရင် စိန်ခေါ်မှုသစ်အတွက် အသင့်ပြင်နေကြပါတယ်။