ဘားအံဆေးရုံကြီး စောင့်ကြည့်လူနာ ၅ ဦး၌ COVID-19 ရောဂါပိုးမတွေ့ရှိ
DVB
·
April 3, 2020
ဘားအံပြည်သူ့ဆေးရုံကြီးမှာ မတ် ၃၁ ရက်နေ့အထိ ရောက်ရှိလာတဲ့ COVID-19 စောင့်ကြည့်လူနာ ၅ ဦးလုံးမှာ ဓာတ်ခွဲခန်းအဖြေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ မတ် ၃၁ ရက်နေ့အထိ COVID-19 စောင့်ကြည့်လူနာတွေထဲက ကလေး ၁ ဦး အပါအဝင် လူနာ ၅ ဦးရဲ့ ဓာတ်ခွဲအဖြေကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်ပေးပိုခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ အကြောင်းပြန်ကြားခဲ့တာပါ။
ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က “ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေ။ ဘားအံမြို့နယ်ထဲကပဲ။ ၃၁ ရက်နေ့မှာ ပေးပို့ထားတဲ့ စောင့်ကြည့်လူနာ ၅ ယောက်က နဂ္ဂတစ်ပါ။ မနေ့ညက အဖြေထွက်တယ်”လို့ ပြောပါတယ်။
အဆိုပါ စောင့်ကြည့်လူနာ ၅ ဦးလုံးကို သီးသန့်ထားရှိပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားသလို ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
မတ် ၂၉ ရက် ညက COVID-19 ကူးစက်ရောဂါပိုးတွေ့ရှိတဲ့ ပုလဲမြို့သစ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ လူနာ ၁ ဦးနဲ့အတူ မြဝတီနယ်စပ်ကနေ မော်တော်ယာဉ်စီးနင်းလာတဲ့ ကရင်ပြည်နယ်အတွင်းက နေရပ်ပြန် ၉ ဦးကို ကျန်းမာရေးစောင့်ကြည့် စစ်ဆေးကြပ်မတ်မှုတွေ ဆောင်ရွက်ဖို့ ကရင်ပြည်နယ်အစိုးရက သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားထားပါတယ်။
မြန်မာနိုင်ငံအတွင်းCOVID-19 ကူးစက်ရောဂါပိုး ၁၆ ဦးထိ တွေ့ရှိထားပြီး ကျန် ၅၅ ဦးမှာ ရောဂါပိုး မတွေ့ရှိရဘူးလို့ ဧပြီ ၁ ရက်နေ့ ညက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ လူနာ အမျိုးသားတဦးကတော့ သေဆုံးသွားပါတယ်။
ရဲမင်းခေါင်