မကွေးသတင်းထောက်များကို COVID-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေး
DVB
·
April 3, 2020
မကွေးအခြေစိုက် သတင်းထောက်တွေ COVID-19 သတင်းရယူတဲ့ နေရာမှာ အသုံးပြုဖို့ အလှူရှင်တဦးက ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
မကွေးအခြေစိုက်သတင်းထောက် နေခြည်က "သတင်းထောက်တွေအနေနဲ့ COVID-19 သတင်းရယူဖို့ ဆေးရုံ ဆေးခန်း သွားရောက်ပြီး၊ လူနာတွေနဲ့ အနီးကပ် သတင်းသွားယူရတာတွေ ရှိပါတယ်။ တကယ်တမ်းသာ ကူးစက်လူနာ ဖြစ်ခဲ့ရင် သတင်းထောက်တွေအတွက် အကာအကွယ်မဲ့ပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ COVID-19 သတင်းတွေ ရယူပြီး ပြည်သူတွေကို Message ပေးရမှာက တာဝန်တရပ်ဖြစ်သလို မိမိကိုယ်မိမိ ကာကွယ်နိုင်တဲ့ပစ္စည်းတွေနဲ့ သတင်းရယူကြဖို့ တိုက်တွန်းချင်ပါတယ်"လို့ DVB ကို ပြောပါတယ်။
ဦးကျော်ဝင်း ၊ဒေါ်ချိုချို (ထိန်ထိန်သာ)မိသားစုက သတင်းထောက်တွေအတွက် အကာအကွယ်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေ ၅ သိန်းကျပ်၊ လူမှုကူညီရေးအသင်းတွေကို ၅ သိန်းကျပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သိန်း ၅၀ ကျပ် လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
အလှူရှင် ဦးကျော်ဝင်းက “ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အတွက် တဦး တယောက်ချင်းကနေ ကာကွယ်နိုင်အောင် တထောင့်တနေရာက ပါဝင်ကူညီတာဖြစ်ပြီး မြို့ပေါ်မှာရှိတဲ့ မိတ်ဆွေတွေကိုလည်း ခုလိုမျိုး ပါဝင်ကုသိုလ်ယူနိုင်တယ်ဆိုတာ Message ပေးချင်ပါတယ်။ သတင်းထောက်တွေက COVID-19 ရောဂါသာမက အခြားကူးစက်ရောဂါသတင်းတွေကိုပါ ဆေးရုံ၊ ဆေးခန်း သွားရောက် သတင်းရယူရတာဖြစ်လို့ လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ဝယ်ယူနိုင်အောင် လှူဒါန်းပေးတာ” လို့ ပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်တာတွေကို နယ်ပယ်ပေါင်းစုံက အလေးနက်ထားပြီး လုပ်ဆောင်နေချိန်မှာ သတင်းထောက်တွေအနေနဲ့ အကာကွယ်မဲ့ သတင်းရယူတာတွေ ဒီနေ့အချိန်ထိ ရှိနေသေးတယ်လို့ မကွေးအခြေစိုက်သတင်းထောက် ဇေယျတုက ပြောပါတယ်။
မကွေးအခြေစိုက် သတင်းထောက်တွေအတွက် သတင်းရယူတဲ့နေရာမှာ COVID-19 ရောဂါ ကာကွယ်နိုင်အောင် Mask နဲ့ ဟန်းဂျယ်တွေ ဝေငှပေးထားပြီး PPE ဝတ်စုံ ၅ စုံကိုတော့ မဖြစ်မနေ လိုအပ်တဲ့အချိန်မှာ အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မင်းထီး