ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
DVB
·
April 2, 2020
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်မှာ COVID-19 ကာကွယ်ရေးအတွက် ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့ အထိ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။
ညမထွက်ရအမိန့်ထုတ်ရတာဟာ COVID-19 လူနာရှိလို့မဟုတ်ဘဲ ရောဂါကာကွယ် ထိန်းသိမ်းတာရယ် မူးယစ်ဆေးဝါးသုံးစွဲမှု ထိန်းသိမ်းတာရယ်ကြောင့်ဖြစ်တယ်လို့ နမ့်စန်မြို့မိမြို့ဖ ဦးနေဇော်နိုင် ကပြောပါတယ်။
“အခြေအနေအရ COVID-19 လူနာရှိလို့ထုတ်တာမဟုတ်ဘူးဗျာ။ လူစုလူဝေးတို့ ညကျရင်သောက်စားမူးယစ်တို့၊ ဂီတာတီးတာ၊ ကားဆိုင်ကယ် လှုပ်ရှားသွားလာတာကျနော်တို့မြို့မှာ အရမ်းများတော့ ကိုဗစ် ကာကွယ်ထိန်းသိမ်းရေးအနေနဲ့ အဖွဲ့စုံ စုပေါင်းအစည်းအဝေးထိုင်ပြီး ထုတ်လိုက်တာ၊ မူးယစ်ဆေးဝါး သုံးစွဲမှုထိန်းသိမ်းရင်းပေါ့ ဘာလို့ဆိုတော့ ကိုဗစ် ကြောင့် လူကြီးတွေညအိမ်ပြင်မထွက်တော့ဘူး၊ လူငယ်တွေက အခွင့်ကောင်းယူပြီး လမ်းဆုံ၊ တံတားပေါ် လူသွားနည်းတဲ့နေရာတွေမှာ လူလေးငါးဆယ် အုပ်စုဖွဲ့ပြီးနေကြတယ်။ ကိုဗစ်အတွက် အန္တရာယ်ကြီးလို့အမိန့်ထုတ်လိုက်တာ”
ညမထွက်ရအမိန့်ကို ည ၇ နာရီမှ မနက် ၆ နာရီအထိ အိမ်ပြင်မထွက်ကြဖို့နဲ့ အစုလိုက် အဖွဲ့လိုက်ထွက်ခြင်း ဖြတ်သန်းသွားလာခြင်းတွေ လုံးဝမလုပ်ဖို့ ညွန်ကြားထားပါတယ်။
ဒါ့အပြင် ပြည်ပမှ ပြန်လာသူအနေနဲ့ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေး ဌာနကိုအသိပေးဖို့၊ quarantine လုပ်ထားသူအနေနဲ့ သတ်မှတ် စောင့်ကြည့် ၁၄ ရက်အတွင်း သတ်မှတ် နေရာမှာ နေဖို့၊ ပြည်သူတွေ အနေနဲ့လည်း မလိုအပ်ဘဲအိမ်ပြင် မထွက်ဖို့ ညွှန်ကြားထားပြီး မလိုက်နာသူကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်။
နမ့်စန်မြို့နယ်မှာ ၁၄ ရက်စောင့်ကြည့်သူ ၃၈၀ ဦးရှိပြီး ဆေးရုံမှာ စောင့်ကြည့်လူနာ ၂ ဦးရှိပါတယ်။
သတင်း- ခွန်ရာဇာ