ဖူးကက်တွင် ဥပဒေဖီဆန်သည့် နိုင်ငံခြားသားနှင့်ထိုင်းမိန်းကလေးများ ဖမ်းဆီးခံရ 

mgronline.com
ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ကိုဗစ် - ၁၉ ကာကွယ်တားဆီးရေးဥပဒေအရ လူစုလူဝေးနေထိုင်ခြင်းကို တားမြစ်ထားပေမယ့်  ရောဂါမကြောက်၊ ဥပဒေကို ဖီဆန်ကာ အုပ်စုဖွဲ့ အရက်ဝိုင်းထောင်၊ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ နိုင်ငံခြားသားနဲ့ ထိုင်းမိန်းကလေးပါ လူတစ်စုကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။  ဖူးကက်ခရိုင် ကထုမြို့နယ် ပါတောင်းရပ်ကွက်က အငှားနေအိမ်တစ်လုံးမှာ လူစု လူဝေးနဲ့ အရက်ဝိုင်းသောက်တာတွေ ရှိနေကြောင်း သတင်းပေးချက်အရ ပါတောင်းနယ်မြေရဲစခန်းက တာဝန်ရှိသူတွေဟာ ဧပြီလ ၁ ရက် ညဉ့်သန်းခေါင်လောက်က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။  အဆိုပါ နေအိမ်ရဲ့ ဒုတိယထပ်မှာ ရေကူးဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတချို့နဲ့ အပေါ်ပိုင်းဗလာ နိုင်ငံခြားသားတခု ဝိုင်းဖွဲ့ ပျော်ပါးသောက်စားနေကြတာကို တွေ့ရတယ်လို့ ပါတောင်းရဲတပ်ဖွဲ့မှ ရဲမှူး အုတ်နစ်ဒန်ဖိထပ်ဆန်က သတင်းထောက်တွေကို ပြောပါတယ် ။  သူတို့ဟာ အရက်သောက်လိုက် အိမ်ဝင်းထဲက ရေကူးကန်မှာ ရေဆင်းကူးလိုက်လုပ်နေကြတာဖြစ်ပြီး အရက်ဝိုင်း ဖွဲ့ရုံတင်မကဘဲ ကိုကင်း နဲ့ ဆေးခြောက်တွေပါ သုံးစွဲနေကြတာကို သက်သေခံပစ္စည်းနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ရဲမှူးက ပြောပါတယ်။  ဝိုင်းဖွဲ့သူတွေထဲမှာ ထိုင်းမိန်းကလေး ၅ ဦး၊ သြစတေးလျနိုင်ငံသား ၁ ဦး၊ အင်္ဂလန်နိုင်ငံသား ၃ ဦး၊ ယူကရိန်း နိုင်ငံသား ၁ ဦး၊ အမေရိကန် ၁ ဦး နဲ့ ယူဂန္ဓာနိုင်ငံသား ၃ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။   ရဲတပ်ဖွဲ့က သူတို့အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဥပဒေပြဌာန်းချက်အရ လူစုလူဝေးမပြုလုပ်ရ ဆိုတဲ့ ဥပဒေအတိုင်း မလိုက်နာမှု၊ ကူးစက်ရောဂါပြန့်ပွားစေသော အပြုအမူများ လုပ်ဆောင်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုတွေနဲ့ အရေးယူသွားမှာဖြစ်သလို ခိုလှုံခွင့်ပေးတဲ့ အိမ်ရှင်ကိုလည်း အရေးယူသွားမယ်လို့  ပါတောင်းရဲတပ်ဖွဲ့က ပြောသွားပါတယ်။  ထိုင်းနိုင်ငံမှာ ဒီကနေ့ ထုတ်ပြန်တဲ့ ကိုဗစ် - ၁၉ ကာကွယ်တား ဆီးရေးလုပ်ငန်းသတင်းစာရှင်းပွဲအရ ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၁၀၄ ဦးရှိပြီး စုစုပေါင်း ၁၈၇၅ ဦး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားဧည့်သည် အများစုလာရောက်လည်ပတ်တဲ့ ဖူးကက်ခရိုင်က ၈၈ ဦးရှိပြီး တတိယအများဆုံး ဖြစ်နေပါတယ်။  source-mgronline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up