တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင့်ကြည့်လူနာ ၁၂၃ ဦး လက်ခံထား
နေဖြိုးဝင်း
·
April 2, 2020
COVID-19 ရောဂါကူးစက်ခံနေရတဲ့ ၁၆ ယောက်မြောက် လူနာ Case 16 နဲ့ ဆက်စပ်မှုရှိတဲ့ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ ရန်ကုန်တိုင်းဒေသကြီးရှိ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဧပြီ ၂ ရက်က လက်ခံထားပြီးဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်ရှိ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဒီနေ့မနက်ပိုင်းထိ စောင့်ကြည့်လူနာ စုစုပေါင်း ၁၂၃ ဦး လက်ခံထားပြီးဖြစ်သလို နေပြည်တော်ရှိ တပ်မတော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာလည်း စောင့်ကြည့်လူနာ ၁၅၀၀၀ ဦး ထားနိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုတွေ့ရှိတဲ့ ၁၆ ယောက်မြောက်လူနာဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ဇာတိ မြောက်ဥက္ကလာပ မြို့နယ်နေ အသက် (၆၃) နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ဒူဘိုင်းကပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန် လေဆိပ်မှာ သွားရောက်ကြိုဆိုရာကနေ ရောဂါကူးစက်ခံရတာ ဖြစ်ပါတယ်။