Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် ရွှေ့ပြောင်းလုပ်သားများကို ခရီးသွားလာခွင့်ပိတ်ပင်၊ မလိုက်နာသူ မြန်မာ ၇၀ နီးပါး ဖမ်းဆီးခံရ
နန်းမြနဒီ
·
April 2, 2020
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ  ရွှေ့ပြောင်းအလုပ်သမားတွေ၊ တောင်ပေါ်တိုင်း ရင်းသားတွေနဲ့ ခရီးသည်တင်ကားတွေကို ခရီးသွားလာခွင့်  ယာယီပိတ်ပင်ထားပြီး မလိုက်နာတဲ့ ကားသမားနဲ့ မြန်မာလုပ်သား ၇၀ နီးပါးလည်း ဖမ်းဆီးခံထားရပါတယ်။ တာ့ခ်ခရိုင်နဲ့ဆက်စပ်တဲ့ မြန်မာနိုင်ငံ  မြဝတီမြို့နယ်ထဲမှ COVID-19 ကူးစက်မှု ကာကွယ်ဖို့  နေရပ်ပြန်မြန်မာအလုပ်သမားတွေ ဝင်ရောက်လာမှုကို ယာယီပိတ်ထားတဲ့အတွက် တာ့ခ်ခရို င်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ခရီးသွားလာမှုကန့်သတ်တဲ့ ကြေညာချက်ကို ဧပြီ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။  ကြေညာချက်အရ တာ့ခ်ခရိုင်ထဲ ခရီးသည်တင် ဘတ်စ်ကားတွေ ၊ လူ ၇ ဦးအထက် ပိုစီးနိုင်တဲ့ ကိုယ်ပိုင်ကားတွေ ဖြတ်သန်းသွားလာခွင့်ကို ဧပြီ ၂ ရက်ကစပိတ်ထားသလို  ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တောင်ပေါ်တိုင်းရင်းသားကတ်ကိုင်ဆောင်သူတွေလည်း မိမိမြို့နယ်ထဲက ထွက်ခွါခွင့် ၊ ခရီးသွားလာခွင့် ယာယီပိတ်ပင်လိုက်တာဖြစ်ပါတယ်။  အဆိုပါထုတ်ပြန်ချက်ကို COVID-19 ကူးစက်မှုကာကွယ်တားဆီးရေး ဥပဒေပုဒ်မ ၃၀/၁ အရထုတ်ပြန်တာဖြစ်ပြီး မလိုက်နာသူတွေအနေနဲ့  ၁ နှစ် ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်စလုံးကျခံရမယ်လို့  ခရိုင်ဝန်က လက်မှတ်ထိုးထုတ်ပြန်ထားပါတယ်။  ကြေညာချက်ထွက်လာပြီး တစ်ရက်မပြည့်ခင် ဒီကနေ့  ဧပြီလ ၂ ရက် မနက် ၄ နာရီ အချိန်က မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ခရီးသည်တင်ကားတစ်စီး ဖမ်းဆီးခံလိုက်ရတယ်လို့ မတ်တီချွန်းထိုင်းသတင်းမှာ ဖေါ်ပြပါတယ်။  အဆိုပါဘတ်စ်ကားဟာ ဘန်ကောက်နယ်မြေကားနံပတ်တပ်ထားပြီး နေရပ်ပြန်မယ့် မြန်မာအလုပ်သမား ၆၀ ကျော် ၇၀ လောက်ကို တင်ဆောင်လာကြောင်း ၊ တာ့ခ်အလွန် မဲဆောက်မြို့နယ် မယ်ပအုပ်စု ဟွေ့ဟင်ဖွန်ရွာရောက်တော့  စစ်တပ်၊ ရဲနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေ ပါတဲ့ စစ်ဆေးရေးဂိတ်နဲ့ တိုးမိပြီး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။  ဖမ်းဆီးခံကားသမားနဲ့ မြန်မာလုပ်သားတွေကို ဘယ်လိုအရေးယူမလဲဆိုတာတော့ ထိုင်း သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ အဆိုပါအလုပ်သမားတွေဟာ ဘန်ကောက်က နေလာတာဖြစ်ပြီး လက်ရှိ တာ့ခရိုင်လဝကအချုပ်ခန်းမှာ ထိန်းချုပ်ခံထားရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “မြန်မာအလုပ်သမားတွေ မဲဆောက်မှာအဖမ်းခံရပြီး မဲဆောက်မှာရှိတဲ့ တာ့ခ်ခရိုင် လဝကအချုပ်ခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ သိရတယ်။ ဘန်ကောက်နေရာ အသီးသီးကနေ ကား ၁၀ စီးလောက်နဲ့ လာတယ်လို့လည်း ကြားမိတယ်ခင်ဗျ။ သွားတော့ မကြည့်ရသေးပါဘူး။ အရင်နေ့ကတည်းက ရောက်လာတဲ့ အလုပ်သမားတွေကတော့  မနေ့ညမှာဘဲ နှစ်နိုင်ငံ တာဝန်ရှိသူတွေနားလည်မှုနဲ့ မြဝတီချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ဟိုဘက်ကမ်းကို ကူးခွင့်ရသွားတယ် ၊ မနေ့ကပြန်သွားကြတာ ၁၅၀၀ လောက်ရှိတယ်ခင်ဗျ” ခုတပတ်တွင်း နေရပ်ပြန်အလုပ်သမားတွေ နေ့စဉ်ထောင်နှင့်ချီရှိခဲ့ကြောင်း ၊ အများစုမှာ ထိုင်းနိုင်ငံရဲ့ အရေးပေါ်အခြေအနေကြေညာချက်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူတွေရှိသလို အလုပ်ရှင်ကိုယ်တိုင်က ရှောင်ထားခိုင်းသူတွေ ၊ အလုပ်သမားလျှော့ချမှုတွေကြောင့် ပြန်လာကြတာ လို့ ဆိုပါတယ်။  ဒီကနေ့အခြေအနေတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ မှာရော အမှတ် ၂ မှာပါ လူရော မော်တော်ကားပါ လုံး၀ ၀င်ထွက်သွားလာခွင့်မရှိတော့တာကြောင့် လူတွေရှင်းလင်းနေပြီး ပြန်ဝင်ဖို့ လာစောင့်နေတဲ့ အလုပ်သမားတွေလည်း မရှိတော့ဘူးလို့  ဦးမိုးကြိုးက ပြောပါတယ်။  နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ပြန်ဝင်လာမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဧပြီ ၁၅ နောက်ပိုင်းမှပြန်လာကြဖို့နဲ့ ဝင်ရောက်လာရင်လည်း သက်ဆိုင်ရာက စီစဉ်ထားပေးတဲ့ ထိန်းချုပ်ကန့်သတ်စောင့်ကြည့်စခန်းတွေမှာ ၁၄ ရက်တာ  အရင်နေထိုင်ရမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။  Photo/ Source: Matichon
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024