မြန်မာနိုင်ငံတွင် ၁၆ ယောက်မြောက် COVID-19 ရောဂါလူနာ ၁ ဦး ထပ်မံတွေ့ရှိ
DVB
·
April 1, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ နေထိုင်တဲ့ အသက် (၆၃) နှစ်အရွယ် အမျိုးသမီး တဦးမှာ COVID-19 ရောဂါ ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၁ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁၆ (Case-16) ဟာ မတ်လ ၁၅ ရက်က ဒူဘိုင်းနိုင်ငံက ပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနဲ့အတူ မြောက်ဥက္ကလာပမြို့နယ်မှာ တည်းခိုနေထိုင်စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရပြီး မတ်လ ၃၀ ရက်မှာ ပိုမိုမောပန်း ကိုယ်အပူချိန်မြင့်တက်လာလို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၃၁ ရက်က တက်ရောက် ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လူနာအမျိုးသမီးကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ အဆိုပါလူနာကို ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေပြီး လူနာမှာ ဆီးချိုရောဂါအခံရှိလို့ အထူးစောင့်ကြပ်ကုသမှုပေးနေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က စောင့်ကြည့်လူနာနဲ့ ဆေးရုံမှာ အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတဲ့ လူနာ ၅၆ ဦးကို စစ်ဆေး ခဲ့ရာမှာ တဦးမှာ COVID-19 ရောဂါတွေ့ရှိ ရပြီး ကျန် ၅၅ ဦးကတော့ ရောဂါပိုးမရှိကြောင်းနဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီ ၁ ရက်အထိ စောင့်ကြည့်လူနာအသစ် ၃၆ ဦး ရှိတယ်လို့ လည်းသိရပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁ ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၁၆ ဦးတွေ့ရှိထားပြီး ဒီအထဲက ကင်ဆာရောဂါ အခံရှိတဲ့ အမျိုးသားလူနာ ၁ ဦးကတော့ သေဆုံးသွားပါတယ်။