Home
မြန်မာသတင်း
COVID-19 အရေးနှင့်ပတ်သက်ပြီး ၁၇ နိုင်ငံက မြန်မာနိုင်ငံကို ကူညီမည်
DVB
·
April 1, 2020
အခုလို ကပ်ရောဂါကာလမှာ တိုက်ပွဲတွေရပ်တန့်ဖို့၊ အင်တာနက်နဲ့ မီဒီယာ ကန့်သတ်တာတွေကို ဖယ်ရှားပေးဖို့နဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ကူညီမယ်လို့ ဥရောပသမဂ္ဂ၊ အမေရိကန်အပါအဝင် နိုင်ငံ ၁၇ နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေက ထုတ်ပြန်ပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီနဲ့ ဗြိတိန်နိုင်ငံတို့က သံအမတ်တွေက ဒီနေ့ ထုတ်ပြန်လိုက်တာပါ။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကမ္ဘာအရပ်ရပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး အပစ်အခတ်ရပ်စဲကြဖို့ မတ် ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပြီး သူတို့အားလုံးက ဒါကို သဘောတူထောက်ခံကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တိုက်ပွဲအရှိန်မြင့်နေပြီး အရပ်သားတွေ နေရပ်စွန့်ခွာရတာ၊ အသက်ဆုံးရှုံးနေရတာတွေကို သိနေရသလို တခြားဒေသတွေမှာလည်း ပဋိပက္ခအလားအလာတွေကို ကြားသိနေရလို့ တကယ်စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေအနေနဲ့ COVID-19 ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် အတိဒုက္ခရောက်နိုင်တဲ့ အခြေအနေရှိနေသူတွေကို ကူညီစောင့်ရှောက်ဖို့ ဦးစားပေးဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။ အင်တာနက်နဲ့သတင်းမီဒီယာတွေကတဆင့် သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန် ရဖို့လည်း အရေးကြီးပြီး မြန်မာနိုင်ငံတဝန်းမှာရှိနေတဲ့ မိသားစုတွေရဲ့ အကျိုးအတွက် မြန်မာတပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေရပ်တန့်ပေးဖို့၊ ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို့၊ အင်တာနက်နဲ့ မီဒီယာကန့်သတ်တာတွေကို ဖယ်ရှားပေးဖို့ စတဲ့ တိုက်တွန်းမှုတွေကို သူတို့ ထောက်ခံတယ်လို့ ဆိုပါတယ်။ COVID-19 ရောဂါဟာ လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်ယုံကြည်မှုနဲ့ အခြေအနေအဆင့်အတန်းမရွေးဆီကို ကူးစက်နိုင်ပြီး သူတို့နိုင်ငံတွေမှာလည်း ဒီဗိုင်းရပ်စ်ရဲ့ အကျိုးဆက်တွေကို ကြုံတွေ့နေရသလို မြန်မာနိုင်ငံကိုလည်း သူတို့နိုင်ငံတွေက စည်းစည်းလုံးလုံးနဲ့ ဆက်လက် ကူညီသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024