Home
မြန်မာသတင်း
Quarantine ၁၄ ရက်ကို ကြည်ကြည်ဖြူဖြူလိုက်နာဆောင်ရွက်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း 
DVB
·
April 1, 2020
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် အသွားအလာကန့်သတ်စောင့်ကြပ် Quarantine ၁၄ ရက်ကာလကို ကြည်ကြည်ဖြူဖြူလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီနေ့ ဧပြီ ၁ ရက်မနက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေနဲ့ Video Conferences စနစ်နဲ့ ချိတ်ဆက်တွေ့ဆုံပြီး လက်တွေ့အခြေအနေတွေ အပြန်အလှန် ဆွေးနွေးပွဲမှာ ပြောသွားတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ခုအခါ တစ်ကမ္ဘာလုံးမှာ တစ်ဦးချင်းစီက မိမိကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရေးနဲ့ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် မနေထိုင်ရေးဟာ အရေးကြီးပါကြောင်း၊ Quarantine (၁၄) ရက်ကာလကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ Quarantine (၁၄) ရက်ကာလဟာများစွာကြန့်ကြာတဲ့ကာလမဟုတ်ကြောင်း၊ Quarantine (၁၄) ရက်ကာလကို အခက်အခဲဟု ရှုမြင်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ယခု COVID-19 ကပ်ရောဂါကို မည်သို့မှ ကျော်လွှားနိုင်မည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ အချိန်အခါမျိုးတွင် စိတ်ဓာတ်ခိုင်မာရမည် ဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရ အခြေအနေထိ မပြန့်ပွားအောင် ထိန်းချုပ်ထားနိုင်မည်ဆိုလျှင် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အတူတကွ လက်တွဲရင်ဆိုင်ရုန်းကန်ရင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်များ ပိုမို ခိုင်မာလာမည် ဖြစ်ကြောင်း၊” ပြောကြားသွားပါတယ်။  ဒါ့အပြင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့ ပြည်သူလူထုကို သည်းခံပြီး ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို ရှင်းလင်းစွာနားလည်သည်အထိ ထပ်တလဲလဲ ရှင်းပြရဖို့လိုအပ်ကြောင်း ၊ မိမိတို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက လူထုပါဝင်မှု မြင့်မားပါ ကြောင်း၊ တက်နိုင်သလောက် ကူညီကြတာဟာ လွန်စွာတန်ဖိုးရှိသည့် အလေ့အထဖြစ်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပေးကြဖို့နဲ့ ပြည်သူ နားလည်အောင် ကြိုးစားပေးကြဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားသွားပါတယ်။ ဆွေးနွေးပွဲမှာ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဆင်ကူးကြီးကျေးလက် ကျန်းမာရေးဌာန သာယာကုန်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဘက်စုံသားဖွား ဆရာမ ဒေါ်နှင်းထက်ထက်နိုင်၊ လှိုင်သာယာမြို့နယ်ဆရာဝန် ဒေါက်တာခင်ရူပါစိုး၊ “အောင်” ပရဟိတအဖွဲ့က ဦးအောင်မြတ်သူနဲ့ We Love Yangon မှ ဦးဆန်းမောင်မောင် စသူတို့ကလည်း  COVID-19 ထိန်းချုပ်၊ ကာကွယ်ကုသရေးလုပ်ငန်းမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဆွေးနွေးတင်ပြသွားပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှု အပြည့်အစုံကို  ဒီကနေ့ ည (၈) နာရီသတင်းအပြီးမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားမယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024