DVB Logo
Home
မြန်မာသတင်း
SSA ရှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေ၌ COVID-19 ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေ  
DVB
·
April 1, 2020
SSA ရှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေ၌ COVID-19 ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေ  
Donate to DVB

လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူတွေရှိလာလို့ ကာကွယ်ရေးလုပ်ငန်းတွေကို အစိုးရက အရှိန်မြှင့်ဆောင်ရွက်နေသလို SSA ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း ဆောင်ရွက်နေပါတယ်။ 

အစိုးရနဲ့ အန်စီအေအပစ်ရပ် လက်မှတ်ထိုးထားတဲ့ RCSS/SSA နယ်မြေထဲမှာဆိုရင် COVID-19 ကူးစက်မှု ကာကွယ်တားဆီးရေး ကော်မတီကို မတ်လ ၂၇ ရက်နေ့က ဖွဲ့စည်းထားပြီး  တပ်ထဲမှာရော ထိန်းချုပ်နယ်မြေထဲက ပြည်သူလူထုကြားမှာပါ အသိပညာပေးခြင်း၊ လူဝင်လူထွက်ထိန်းချုပ်ခြင်း၊ ကူးစက်ခံရ သူတွေ့ရှိပါက အမြန်ဆုံးဆေးရုံသို့ ပို့ဆောင်ပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

COVID-19 ရောဂါ ကာကွယ်ရေးကော်မတီဝင် ဗိုလ်မှူး စိုင်းခမ်းစံက “ကျနော်တို့ဆောင်ရွက်နေတာကတော့ ဌာနချုပ်လွိုင်တိုင်းလျန်းနဲ့ ထိုင်းနယ်စပ်ရယ် နောက်ပြီးတော့ ပြည်တွင်းက ထိန်းချုပ်နယ်မြေတွေဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်ခင်ဗျ။ ဆောင်ရွက်နေတာက ၃ မျိုးရှိတယ်။  တစ်က အသိပညာပေးတာ၊ ရောဂါအန္တရာယ်နဲ့ ကြိုတင်ကာကွယ်နည်း ပြောပြပြီး လက်ကမ်းစာစောင်၊ နှာခေါင်းစည်းနဲ့ လက်ဆေးဆပ်ပြာတွေ ဝေပါတယ်။ နိုင်သလောက်ပေါ့။ နောက်တစ်ခုက လူဝင်လူ ထွက်ထိန်းချုပ်တယ်။ ရွာတွေမှာ ကူးစက်ရောဂါ ဖြစ်နေတဲ့ တခြားဒေသ အထူးသဖြင့် ထိုင်းကပြန်လာရင် ရွာထဲချက်ချင်းပေးမဝင်ဘဲ ရွာပြင်ဘက်မှာ ယာယီတဲထိုးပြီး ၁၄ ရက် စောင့်ကြည့်စေတယ်။ ကျနော်တို့ ဆေးမှူးတွေက သွားပြီးတော့ အဖျားတိုင်းတာတွေ၊ လုံခြုံရေးယူပေးတာတွေရှိပါတယ်။ ဌာနချုပ် လွိုင်တိုင်းလျန်းကိုတော့ အပြင်လူ ပေးမဝင်တော့ဘူး။ တပ်ထဲကလူတွေ အပြင်ကပြန်လာလို့ ကိုယ်ပူနေရင် သတ်မှတ်ထားတဲ့ နေရာမှာပဲ အရင်နေရတယ်။ ကိုရိုနာပိုးကူးစက်ခံရတယ်လို့ သံသယရှိရင်တော့ အာရ်စီအက်စ်အက်စ် ဆက်ဆံရေး ရုံးတွေကနေတဆင့် အစိုးရဆေးရုံတွေကို ဆက်ပြီး ပို့ဆောင်ဖို့ ပြင်ဆင်ထား ပါတယ်ခင်ဗျ။”လို့ ဒီဗွီဘီကို ပြောပါတယ်။

တခြားကနေ ရောက်လာသူတွေကို ၁၄ ရက်တာ ယာယီနေရာချထားပေးဖို့ ရှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း မိုင်းပန်မြို့နယ်နဲ့  ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာရော မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ဘက်မှာပါ စခန်းတွေ ဆောက်ထားတယ်လို့လည်း ဗိုလ်မှူး စိုင်းခမ်းစံက ပြော ပါတယ်။ 

“သတ်မှတ်ထားတဲ့ ၁၄ ရက်စခန်းမှာ နေဖို့လိုအပ်သူတွေ လာမနေရင်  မနေတဲ့သူရော၊ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်ပါ အရေးယူအပြစ်ပေးခံရမယ်လို့  ကြေညာထားပါတယ်။ ပြစ်ဒဏ်ကတော့ ဘယ်လိုပေး မလဲဆိုတာ မသိရသေးပါဘူး။”လို့ ဗိုလ်မှူး စိုင်းခမ်းစံက ပြောပါတယ်။ 

အလားတူ အစိုးရနဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နယ်မြေမှာလည်း COVID-19 ရောဂါကူးစက်မှုကာကွယ်တားဆီးရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

နယ်မြေထဲရှိ ဟိုင်းပါရေတံခွန်၊ နမ့်ဟူးမွန်ရေပြာအိုင် အစရှိတဲ့ အပန်းဖြေစခန်းတွေ ယာယီပိတ်ထားသလို လူစုလူဝေးလုပ်တာ၊ ပွဲလမ်းသဘင်ကျင်းပတာတွေ တားမြစ်ထားကြောင်း၊ နယ်မြေထဲ ဖြတ်သန်းသွားလာသူတွေကို ကိုယ်အပူချိန်တိုင်းတာနဲ့ ပညာပေးတာတွေ ဆောင်ရွက်နေတယ်လို့  SSPP/SSA COVID-19 ရောဂါကာကွယ်တားဆီးရေးကော်မတီဝင် စိုင်းဟင်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။ 

“မတ်လ ၁၅ ရက်နေ့ကစပြီး ကျနော်တို့ထိန်းချုပ်နယ်မြေထဲက ရွာတွေမှာ ရောဂါကင်းဝေး နေထိုင်ရေး အသိပညာပေးတာတွေ လုပ်တယ်။  အဓိကကတော့ ရွာသူကြီးတွေ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တိုင်ပင်တယ်။ ရွာကလူတွေ ခရီးသွားကပြန်လာရင် ရွာထဲချက်ချင်းမဝင်ဘဲ ၁၄ ရက် ရွာပြင်က ယာယီတဲတွေမှာ နေဖို့၊ ကိုယ့်ရွာနဲ့ကိုယ် တဲထိုးထားဖို့ ပြောထားပါတယ်။ ဟိုင်းပါလို အပန်းဖြေလည်ပတ်တဲ့ နေရာတွေ၊ လူစည်ကားတဲ့ ပွဲလမ်းသဘင်နဲ့ စားသောက်ဆိုင်အရက်ဆိုင်တွေ လည်း ပိတ်ခိုင်းထားပါတယ်။  နယ်မြေထဲဖြတ်သွားတဲ့လူတွေကို အပူချိန်တိုင်းတာတွေရောပေါ့။”

အပူချိန်မြင့်တဲ့လူတွေ၊ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိတယ်ဆိုရင်  မြို့နယ်ဆေးရုံ တွေဆီ လွှဲပြောင်းပို့ဆောင်ပေးကြောင်း၊ လောလောဆယ် ထိုင်းကပြန်လာတဲ့ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး ၂ ဦးမှာ နေမကောင်းတဲ့အလုပ်ရှင်ကိုပြုစုခဲ့ရကြောင်း ကိုယ်ရေးရာဇဝင်ရှိ တဲ့အတွက် မိုင်းရှူးဆေးရုံကို ပို့ဆောင်ထားပြီး အခြေအနေစောင့်ကြည့်နေကြောင်းလည်း စုံစမ်းသိရပါတယ်။ 

တချို့ကျေးရွာတွေမှာတော့ ၁၄ ရက်စောင့်ကြည့်စခန်းမှာ မနေချင်လို့ ရွာသူကြီးနဲ့ ပြဿနာတက်တာ၊ တုတ်ဆွဲဓားဆွဲတွေ လုပ်တာရှိကြောင်း၊ ဒါကြောင့် အဲဒီလူတွေကိုတော့ ဖမ်းပြီး အချုပ်ထဲထည့်ထားတာရှိပါတယ်။ 

SSPP/SSA ထိန်းချုပ်နယ်မြေတွေဟာ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်တောရွာတွေ ဖြစ်နေတာကြောင့် ကိုရိုနာ ရောဂါနဲ့ပတ်သက်တဲ့ အသိပညာ၊ အကြောင်တရားတွေ နည်းပါးနေ သေးကြောင်း၊ ကျေးရွာလူထုကြား အကာအကွယ်ပစ္စည်းတွေလည်း မပြည့်စုံတော့ စိုးရိမ်မှုတွေ ရှိပေမယ့် တတ်နိုင်သလောက်တော့ ကာကွယ်တားဆီးရေးတွေ လုပ်နေတယ်လို့  စိုင်းဟင်ဆိုင်က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013