ရန်ကုန်တက္ကစီများ မီတာစနစ်ဖြင့် ပြေးဆွဲရေး စတင်လုပ်ဆောင်
ရွှေအောင်
·
March 29, 2013

ရန်ကုန်မြို့က တက္ကစီကားတွေကို မြို့တော်စည်ပင်ထံကနေ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(မထသ)က လွှဲပြောင်းယူပြီး မီတာစနစ်နဲ့ ပြေးဆွဲဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မထသဥက္ကဋ္ဌ ဦးလှအောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
မထသကနေ ရန်ကုန်မှာရှိတဲ့ တက္ကစီခတွေကို နှုန်းထားတပြေးညီ သတ်မှတ်တော့မယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
“တက္ကစီတွေ စည်းကမ်းပိုမိုကောင်းမွန်ဖို့ရယ်၊ တက္ကစီတွေ သယ်ယူပို့ဆောင်ရေးကဏ္ဍ မြင့်တက်ဖို့ရယ်၊ အများပြည်သူသွားလာရေးပိုမိုအဆင်ပြေချောမွေ့ဖို့ရယ်ကို ကျနော်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ပေးပါတယ်။ ကျနော်တို့ ဒီအတွက် လက်ရှိတာဝန်ယူနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ လွှဲပြောင်းမှုတွေ လုပ်မယ်။ နောက် မီတာစနစ်တွေသွားမယ်။ ယာဉ်စီးခနှုန်းထားတွေကိုလည်း ညီညွတ်တဲ့ အနေအထားတွေအထိ ဖော်ဆောင်မယ်ဆိုပြီး လျာထားချက်လုပ်ထားတာပါ။”
ဘယ်တော့လောက် စပြီးအကောင်အထည်ဖော်မလဲ။
“ဘယ်တော့စမလဲဆိုတော့ လျာထားတာက ဧပြီလထဲမှာ။ ဒါပေမယ့် ဒီလုပ်ငန်းရပ်တွေ အားလုံးကို တပြိုင်တည်း လုပ်နိုင်တဲ့အနေအထား မရှိသေးဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ လွှဲပြောင်းရယူပြီးတော့ စုဖွဲ့မှု၊ တည်ဆောက်မှုတွေလုပ်ဖို့ ကဏ္ဍမှာ ခေတ္တ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်းငံ့ပြီးလုပ်ဆောင်နေရတာတွေ ရှိပါတယ်။ အခုလက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ လွှဲပြောင်းဖို့ပဲ ဆောင်ရွက် နေရပါတယ်။”
ရန်ကုန်မှာ တက္ကစီတွေက မီတာတပ်ထားတာလည်း တော်တော်ကြာပါပြီ။ ဒါပေမယ့် မီတာနဲ့လည်း ဘယ်သူမှမသုံးဘူး။ ခရီးသွားကလည်း ဒီလိုပဲသွားနေတယ်။ တက္ကစီသမားကလည်း ဒီအတိုင်းဈေးပြောပြီး သွားနေတယ်။ ဒီတော့ အသားကျသားပြီးသား အနေအထားဆိုတော့ မီတာသုံးမောင်းအောင် ဘယ်လိုဆောင်ရွက်မှာပါလဲ။
“မှန်ပါတယ်။ လေ့လာကြည့်တော့ တချို့နိုင်ငံတွေမှာ တက္ကစီမီတာ သုံးသလို၊ တချို့နိုင်ငံတွေမှာလည်း သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ သွားလာနေတာ တွေ့ရတယ်။ ရန်ကုန်မြို့မှာလည်း တက္ကစီမီတာ သုံးခဲ့ဖူးပါတယ်။ သို့ပေမယ့် လောလောဆယ် အားနည်းချက် အစိတ်အပိုင်းတွေက တချို့တက္ကစီတွေက စီအန်ဂျီသုံးတယ်။ တချို့က ဓာတ်ဆီနဲ့ ဒီဇယ်ဆီ သုံးပါတယ်။ အဲတော့ မီတာသုံးတဲ့ တက္ကစီတချို့ကလည်း ခရီးသည်နဲ့ ညှိတဲ့စနစ်နဲ့သွားရင် အဲဒါပျောက်သွားခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းလုပ်မယ့် အဖွဲ့အစည်းအနေနဲ့ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်လုပ်သွားမယ်။ ဒီဇယ်နဲ့သွားရင်၊ ဓာတ်ဆီ၊ စီအန်ဂျီတွေနဲ့ သွားရင် ဘယ်လိုဖြစ်မယ်။ စီအန်ဂျီကို မူတည်ပေးရင် ဓာတ်ဆီနဲ့ ဒီဇယ်ဆီသမားတွေက အခက်အခဲဖြစ်မယ်။ အားလုံးတပြေးညီ စီအန်ဂျီလည်း မတပ်ဆင်နိုင်သေးဘူး။ ဒါတွေကို ကျယ်ပြန့်စွာစဉ်းစားပြီးတော့ သတ်မှတ်ပေးပြီးရင် လိုက်နာနိုင်နဲ့ စနစ်လေးဖြစ်အောင်တော့ ကျနော်တို့ကလည်း ပြည့်စုံစွာလေ့လာပြီး ဆောင်ရွက်နေရတဲ့အပိုင်းဖြစ်ပါတယ်။”
ရန်ကုန်မှာ တက္ကစီတော်တော်များများက တချို့ကားတွေဆို မြင် မကောင်းအောင် ဖြစ်နေတာတွေလည်း တွေ့ရပါတယ်။ ဥပဓိရုပ်မကောင်းတော့တဲ့ တက္ကစီတွေကိစ္စရော ဘယ်လိုကိုင်တွယ်သွားဖို့ရှိပါလဲ။
“ဒါလည်း စဉ်းစားနေပါတယ်။ နိုင်ငံတော်ကလည်း ဥပဓိရုပ်မကောင်းတဲ့ ကားတွေကို ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး စနစ်ဆိုပြီး ပြည်ထောင်စုအစိုးရကလည်း သတ်မှတ် လဲပေးနေပါတယ်။ ဒါပေမယ့် တချို့ တချို့သော ယာဉ်တွေကျန်ရှိနေပါသေးတယ်။ နောက် ကျနော်တို့တာဝန်ယူပြီးတဲ့အပိုင်းမှာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ မကိုက်ညီတဲ့ တက္ကစီ ယာဉ်များအပေါ်လည်း ပြန်သုံးသပ်ပြီး ညီညွတ်တဲ့စနစ်တွေနဲ့ တိုးတက်အောင်လုပ်ပေးရမှာပါ။ ယာဉ်ပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါလို့ ဒါတွေကို ဖြုတ်ပစ်မယ်လို့တော့ မဆိုလိုပါဘူး။ သူတို့လုပ်ငန်းလည်း ဖော်ဆောင်နိုင်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လည်း ညီညွတ်အောင် တာဝန်ရှိသူတွေက စဉ်းစားပေးသွားမှာပါ။”
တက္ကစီကားအသစ်တွေ တင်သွင်းမောင်းနှင်စေဖို့ရော အစီအစဉ်ရှိပါလား။
“လောလောဆယ် တက္ကစီကားအသစ်တွေ တင်သွင်းပြေးဆွဲနေတယ်။ ဥပမာ ရောင်နီဦးကုမ္ပဏီဆိုရင် ကုမ္ပဏီပိုင်စနစ်နဲ့ အစီး ၆၀ ကျော် ပုံစံ အစိမ်းရောင်တရောင်နဲ့ သွားနေပါတယ်။ အဲကွန်းဖွင့်မောင်းပါတယ်။ သူတို့လည်း နောက်ပိုင်း မီတာတပ်မယ်ဆို တပ်နိုင်အောင် ပြင်ဆင်မောင်းနေတဲ့ တက္ကစီတွေလည်း ပေါ်နေပါပြီ။”
သီးသန့်တော့ ထပ်တင်သွင်းဖို့မရှိဘူး။ ကုမ္ပဏီတွေ တင်သွင်းမောင်းရင် အားပေးမယ့် သဘောပေါ့။
“မဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ အချို့ ကုမ္ပဏီတွေမှာ တင်သွင်းခွင့်ပြုထားတာ ရှိတယ်။ ကျနော်တို့က တက္ကစီယာဉ်တွေ စာရင်းဇယားတွေ ပြုစုပြီးနောက်ပိုင်း ဒုတိယအဆင့်နဲ့ ကုမ္ပဏီတွေရဲ့ တင်သွင်းမှုကိုလည်း ပြန်လေ့လာမယ်။ တင်သွင်းဖို့ကျန်တဲ့ကားတွေပေါ်ရင် ပေါ်လာမယ်။ သို့သော် ရှေ့မှာတော့ လိုအပ်ချက်ပေါ် မူတည်ပြီးဖြစ်လာမယ့် အနေအထား ရှိပါတယ်။”
ရန်ကုန်တက္ကစီခနှုန်းထားတွေ တပြေးညီသတ်မှတ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းတွေ၊ ခရီးသည်တွေ သိသင့်သိထိုက်တွေ ပြောပြပေးပါ။
“ကျနော့်အပိုင်းက ပြောရရင် ညှိနှိုင်းပြီးတောင်းကြတဲ့အခါ ပိုတောင်းရင် ခရီးသည်တွေရဲ့ အခက်အခဲလည်းရှိတယ်။ အခု ဒီလိုဖော်ဆောင်တာက ပြည်သူလူထုရဲ့ အကျိုးစီးပွားရယ်၊ မော်တ်ာယာဉ် တည်ထောင်ပြီး အသုံးပြုသွားလာနေတဲ့ လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်းသူများရယ် အားလုံးညီညွတ်အောင် လုပ်ပေးသွားရမှာပါ။”
