ရန်ကုန်ရှိ ပုဂ္ဂလိကဆေးခန်း ဝန်ထမ်းအမျိုးသမီး ၁ ဦး COVID-19 ကူးစက်ခံရ
DVB
·
April 1, 2020
ရန်ကုန်မြို့ရှိ နိုင်ငံခြားသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ အလုပ်လုပ်ကိုင်တဲ့ ဗဟန်းမြို့နယ်နေ အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး COVID-19 ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၃၁ ရက် ညက ထုတ်ပြန်ပါတယ်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁၅ (Case-15) ဟာ မတ်လ ၂၇ ရက်က ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စတဲ့လက္ခဏာတွေ ခံစားခဲ့ရလို့ မတ်လ ၃၀ ရက်မှာ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အ နောက်ပိုင်းဆေးရုံကြီးသို့ ဆက်လက်ညွှန်းပို့ကာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသပေးနေပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးစဉ် COVID-19 ရောဂါတွေ့ရှိတာ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးလူနာကို ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေပြီး လတ်တလော သူ့ရဲ့ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ မတ်လ ၃၁ ရက် ည ၇ နာရီခွဲမှာ ထုတ်ပြန်ချက်တဲ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံမှာ အသွား အလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေတဲ့ လူနာ ၆၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ အဆိုပါလူနာ ၁ ဦးသာ COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန်လူနာ ၆၆ ဦးကတော့ ရောဂါပိုး မတွေ့ရဘူးလို့ဆိုပါတယ်။
မြန်မာနို်ငငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်က အမျိုးသားလူနာ ၁ ဦးကတော့ မနေ့က သေဆုံးသွားပါတယ်။
မတ်လ ၃၀ ရက်ကနေ ၃၁ ရက်အတွင်းမှာ စောင့်ကြည့်လူနာအသစ် ၄၄ ဦး ရှိတယ်လို့ လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။