တောင်ကြီးမြို့ ဓာတ်ဆီဆိုင်တခုတွင် မီးလောင်ပေါက်ကွဲမှုဖြစ်
နန်းမြနဒီ
·
March 29, 2013
ရှမ်းပြည်နယ် တောင်ကြီးမြို့က ဓာတ်ဆီဆိုင်တခုမှာ မတ် ၂၈ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။
တောင်ကြီးမြို့တောင်ဘက်အထွက် သစ်တောဂိတ်နားက ၀င်းမေတ္တာလို့ခေါ်တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ မနေ့ ညနေ ၄ နာရီကျော်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၆ နာရီ ၀န်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဝန်ထမ်းတဦးက ပြောပါတယ်။
“ကျနော်တို့သွားတော့ ပေါက်ကွဲနေတဲ့ ဓာတ်ဆီပေပါတွေက ဘယ်သူမှလည်း မငြှိမ်းသတ်နိုင်ဘူး။ ဘယ်သူမှ အနားတောင်မကပ်နိုင်ဘူး။ အတော်မြင့်တယ်၊ ပေ ၂၀-၃၀လောက်တက်တယ်။ အသံအကျယ်ကြီး အုန်းအုန်းနဲ့ပေါက်တာ။ မီးသတ်ကားတွေကတော့ တောင်ကြီးက ၅ စီး၊ ဟိုပုန်း ၆ စီး၊ အေးသာယာက ၉ စီးလောက်။”
မီးလောင်ပေါက်ကွဲမှုကြောင့် လူ အနည်းငယ် မီးဟပ်ခံရတာကလွဲလို့ ကြီးကြီးမားမား ဒဏ်ရာရတာ မရှိကြောင်း၊ ဒါပေမယ့် ကျပ်သိန်း ၅၀ ကျော် တန်ဖိုးရှိတဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ ကျပ် ၁၀ သိန်း တန်ဖိုးရှိတဲ့အဆောက်အဦတခု ဆုံးရှုံးခဲ့တယ်လို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီး ဌာနက ဦးစီးမှူး ဦးအောင်သူက ပြောပါတယ်။
“အဓိကကတော့ ဘောက်ဆာကားကနေ ဆီကန်ထဲ ဆီထည့်စဉ် ဆီဂေါက်တံနဲ့ရိုက်မိရာမှ မီးပွားထွက်ပြီး မီးလောင်မှုစဖြစ်ပွားတာပါ။ ဂေါက်တံကိုင်သူ ကိုဟန်ဝင်းကျော် (၂၃ နှစ်) ကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားလိုပြုလုပ် တရားစွဲဆိုထားပါတယ်။”
ဒီနှစ်ထဲ တောင်ကြီးမှာ တောမီးလောင်တာတွေ အနည်းငယ်ရှိခဲ့ပေမယ့် ကြီးကြီးမားမား လောင်တာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ မီးလောင်ပေါက်ကွဲမှုတွေ ကာကွယ်ဖို့ အတွက် သူတို့ဌာနကနေ စက်သုံးဆီဆိုင်တွေ လိုက်နာရမယ့်အချက်တွေကို အရင်ကတည်းက ထုတ်ပြန် ညွှန်ကြားထားပြီးကြောင်း၊ ဓာတ်ဆီဆိုင်က ၀န်ထမ်းတွေ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်ဖို့လည်း ၂ လ ၁ ကြိမ် သင်တန်းတွေ ပုံမှန် ဖွင့်ပေးနေတယ်လို့ ဦးအောင်သူက ပြောပါတယ်။