အရေးကြီးကုန်ပစ္စည်းများသတ်မှတ်၊ ဈေးတင်ရောင်းသူများကို ထောင်ဒဏ် ၆ လမှ ၃ နှစ်ချမည်
စိုးမိုးအောင်
·
March 31, 2020
COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို အရေးကြီးကုန်ပစ္စည်းတွေအဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
အဆိုပါပစ္စည်းတွေကို ဈေးကွက်ထဲမှာ ဈေးနှုန်းတင်ရောင်းချတာ၊ ဖြန့်ဖြူးတာ ၊ ဈေးကစားဖို့ သိုလှောင်တာတွေကိုလည်း မတ်လ ၃၀ ရက်က စတင် တားမြစ်လိုက်ကြောင်းနဲ့ မလိုက်နာရင် အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ဖြစ်ပွားနေချိန်မှာ မြန်မာနိုင်ငံအတွင်း ရောဂါကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ ဆေးဝါးတွေအပြင် အခြေခံစားသောက်ကုန်စည်တွေဟာ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်လာနေတာပါ။
ခုလိုအချိန်မှာ အများပြည်သူ အဝယ်များတဲ့ ဆေးဝါးအထောက်အကူပြုပစ္စည်းတွေ၊ ဆေးဝါး တချို့နဲ့ အခြေခံစားသုံးကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းချသူတွေအနေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။
ဈေးတင်ရောင်းတဲ့သူတွေကို ရဲအရေးပိုင်တဲ့ပုဒ်မဖြစ်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအပြင် စားသုံးသူကာကွယ်ရေးဥပဒေနဲ့ပါ အရေးယူနိုင်ပြီး နစ်နာသူတွေ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်မှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာသလို ဆေးဝါးနဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း အဆမတန်မြင့်တက်လာတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။
ဈေးနှုန်းမြှင့်တင် ရောင်းချတဲ့ဆိုင်တွေကို စားသုံးသူတွေကမကျေနပ်ရင် ဘောက်ချာနဲ့တကွတိုင်ကြားဖို့ လည်း အစိုးရကပြောဆိုအသိပေးထားတာပါ။ ဒါပေမဲ့ ဘောက်ချာ အထောက်အထားရရှိဖို့ မလွယ်တဲ့အပြင် ကိုယ်ရေးအချက်အလက်တွေတောင်းတာကြောင့် အခက်အခဲရှိနေတဲ့အပေါ် အစိုးရအနေနဲ့ ကိုယ်တိုင်စုံစမ်းအရေးယူဖို့လိုတယ်လို့ မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင် ပြောပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ မတရားတဲ့အမြတ်နဲ့ ဈေးတင်ရောင်းချသူတွေကို အစိုးရအနေနဲ့ အသေအချာထိန်းချုပ်ဖို့လိုအပ်တယ်လို့လည်း မြန်မာစားသုံးသူများသမဂ္ဂက တိုက်တွန်းပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၄ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိပါတယ်။