မောင်တောမြို့နယ်တွင် အာဆာအဖွဲ့၏တိုက်ခိုက်မှုကြောင့် ဒိုင်းနက်ရွာသား ၂ ဦးသေဆုံး
DVB
·
March 31, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ တောဝက်သွားထောင်တဲ့ ဒေသခံတွေကို အာဆာအကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်လို့ ရွာသား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
ခမောင်းဆိပ်မြို့နဲ့ ၂ မိုင်ခန့်ဝေးကွာတဲ့ ဝေလာတောင်ကျေးရွာသွား ကားလမ်းပေါ်ရှိ ဆင်သေပြင်ကျေးရွာ အာနုရ်ဝါဗလီအနားမှာ မတ်လ ၃၀ ရက် မနက် ၉ ရာရီလောက်က မိုးဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဆိုင်ကယ်တွေလည်း မီးရှို့ဖျက်ဆီးခံရပါတယ်။
မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "ခမောင်းဆိပ်မြို့အနားက ဒိုင်းနက်ကျေးရွာတွေက ဒိုင်းနက်လူမျိုးတွေပါ သူတို့က တောဝက် သွားထောင်ကြတာလို့ သိရတယ်။ သူတို့မှာလူ ၁၂ ဦးစုပြီးသွားကြတာ။ တောတွင်းတနေရာမှာ အာဆာအဖွဲ့က ထောင်ထားတဲ့မိုင်းထကွဲပြီး သေနတ် ၄ ချက်လောက် ပစ်ခံရတယ်လို့သိရတယ်။ မောင်တောဆေးရုံကို ရောက်လာကြတော့ ၃ ဦး ဒဏ်ရာရခဲ့တယ်။ အခင်းဖြစ်တဲ့နေရာကို တပ်မတော်က သွားရောက်နယ်မြေရှင်းလင်းရာ သူတို့ရဲ့ဆိုင်ကယ် ၄ စီး မီးရှို့ထားတာတွေရပြီး မိုင်းပေါက်ကွဲထားတဲ့ အကျယ် ၁၀ ပေ အနက် ၈ ပေ လောက်ရှိတဲ့ကျင်းရဲ့ ဝန်းကျင်အနီးမှာ ဦးခေါင်းနဲ့အရေပြားနဲ့ အလောင်းတခုရယ် ရေပြွန်နားမှာ အလောင်းတခု အလောင်း၂ ခု တွေ့ရတယ်လို့ သိရတယ်"လို့ ပြောပါတယ်။
သေဆုံးသူ ၂ ဦးမှာ အောင်သပြေကျေးရွာသား ရွှေသိန်းမောင် (၃၅ နှစ်)နဲ့ ခမောင်းဆိပ်ကျေးရွာသား ကိုမောင်မဲ့ (၁၈ နှစ်)တို့ ဖြစ်ပါတယ်။
သူတို့ဟာ ဆိုင်ကယ် ၄ စီး၊ လူ ၁၂ ဦးနဲ့ တောဝက်ထောင်၊ ဝါးခုတ်ဖို့ သွားရောက်ခဲ့ချိန် အာဆာအဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်ခံရတာလို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ရွာသား ကိုဂူလာအောင်က ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ ဆိုင်ကယ်နဲ့ သွားကြတာပါ။ ဆိုင်ကယ်တွေကိုရပ်ပြီး ကိုင်းထောင်တဲ့နေရာကို သွားကြတဲ့အချိန်မှာ မိုင်းပေါက်တာပါ။ သွားတဲ့လူက ၁၂ ဦးပါ ၂ ဦး သေကျန်ခဲ့ပါတယ်။ ၃ ဦးဒဏ်ရာရပါတယ်။ ပစ်ခတ်တဲ့သူတွေက ဘင်္ဂါလီစကားပြောတာ ကြားခဲ့ပါတယ်။"
ဒဏ်ရာရရှိသူ ၃ ဦးဖြစ်တဲ့ မင်္ဂလာညွှန်ကျေးရွာမှ စံအောင်ဖြူ ၅၀ နှစ်၊ ခမောင်ဆိပ်ကျေးရွာမှ ဦးဂူလာအောင် ၃၉ နှစ်နဲ့ မောင်ချေ ၃၉ နှစ်တို့ဟာ မတ်လ ၃၀ ရက် နေ့လယ်မှာ မောင်တောဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသ ခံယူနေပါတယ်။
မောင်တောမြောက်ပိုင်းမှာ အာဆာအဖွဲ့တိုက်ခိုက် လှုပ်ရှားတာတွေ ပြန်လည်ဖြစ်ပေါ် လာနေကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက သုံးသပ်ပြောဆိုပါတယ်။
"AKG ကျည်ခွန် လေးတောင့် အခင်းဖြစ်ပွားရာမှာတွေ့တယ်။ ARSA ဖြစ်ဖို့ များပါတယ်ဗျ။ မောင်တောမြောက်ဘက်က အာဆာကပြန်လှုပ်ရှားလာနေတယ်လို သုံးသပ်ရပါလိမ့်မယ်။ တောတောင်ထဲမှာ သူတို့လှုပ်ရှားတာတွေကိုတွေတဲ့ အရပ်သားတွေကိုတိုက်ခိုက်တာက သူတို့ လှုပ်ရှားမှုတွေ မသိအောင်လုပ်တာနဲ့တူနေပါတယ်။ သူတို့လှုပ်ရှားမှုကို မြင်မှာစိုးလို့ တိုင်းရင်းသား တွေကို နှုတ်ပိတ်တာဖြစ်နိုင်တယ်"လို့ ဦးစိုးအောင်က ပြောပါတယ်။
မတ်လ ၂၄ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာနဲ့ တရိမ်းကျေးရွာအကြား နယ်ခြားစောင့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ တပ်မတော် အရာရှိ ၂ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံးကာ ၅ ဦးဒဏ်ရာရရှိသွားပါတယ်။
သတင်း- လင်းလက်