Homeမြန်မာသတင်း
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ကျန်းမာရေးကောင်းမွန်၊ Quarantine လုပ်နေခြင်းမဟုတ်ဟုဆို
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ကျန်းမာရေးကောင်းမွန်၊ Quarantine လုပ်နေခြင်းမဟုတ်ဟုဆို
DVB
·
March 31, 2020
ခုရက်ပိုင်းအတွင်း အများပြည်သူမြင်ကွင်းကနေပျောက်နေတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန် နေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောပါတယ်။
နေပြည်တော်မှာတွေ့ရှိခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသူ COVID-19 အတည်ပြုလူနာနဲ့ ပတ်သက်ပြီး နိုင်ငံ့အကြီးအကဲတွေအပေါ် ကောလဟာလတွေထွက်ပေါ်နေတဲ့အပေါ် ဦးဇော်ဌေးက ပြန်လည်ဖြေရှင်းခဲ့တာပါ။
“နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်။ နိုင်ငံ့တာဝန်တွေကို ပုံမှန်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ Self Quarantine ရော၊ Home Quarantine ရော ဘာမှ လုပ်ဆောင်တာ မရှိပါ။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။ COVID-19 ကူးစက်ရောဂါပြန့်ပွားနေချိန်ဖြစ်တဲ့အတွက် ဧည့်သည်လက်ခံတွေ့ဆုံမှုတွေကိုတော့ အထူးသတိထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မတ်လ ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးကို လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်ဆေးတွေ့ရှိထားတဲ့ COVID-19 အတည်ပြုလူနာ တဦးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးရဲ့ ရုံးဝန်ထမ်းဖြစ်ပါတယ်။
နေပြည်တော်မှာ COVID-19 အတည်ပြုလူနာအဖြစ်တွေ့ရှိခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံဟာ လတ်တလော နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ သီးသန့်ကုသမှုခံယူနေပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို မတ်လ ၈ ရက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနောက်ပိုင်း အစိုးရပိုင်မီဒီယာတွေမှာ မတွေ့ရတော့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လည်း ခုရက်ပိုင်းအတွင်း အများပြည်သူ မြင်ကွင်းကနေ ပျောက်နေတာဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)