ဘားအံမြို့တွင် ထိုင်းမှ ဝင်ရောက်လာသူများကို စောင့်ကြည့်ရေးစခန်း ၄ ခုတွင်ထားရှိ
DVB
·
March 31, 2020
ထိုင်းနိုင်ငံနယ်စပ်ကနေ မြဝတီမြို့ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရရဲ့ညွှန်ကြားချက်နဲ့ ဘားအံမြို့မှာ COVID-19 စောင့်ကြည့်ရေးစခန်း ၄ ခုဖွင့်လှစ်ပြီး ၁၄ ရက်ကြာ စောင့်ကြည့်သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်က ပြောပါတယ်။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဘားအံမြို့အနီးရှိ ထောင်ဝိမိုးကုတ်ဝိပဿနာတရားစခန်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ လှာကမြင် မူလတန်းလွန်ကျောင်းနဲ့ အုန်းတပင်အထက်တန်းကျောင်းတွေမှာ လူဦးရေ ၅၀၀ နီးပါးကိုထားရှိပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမော်က“နေ့ညမပြတ် စောင့်ကြည့်ပေးသွားမှာ ဖြစ်တယ်။ အစိုးရအဖွဲ့က ညွှန်ကြားချက် ဘာမှပြန်မလာဘူးဆိုရင်တော့ ကျနော်တို့ ၁၄ ရက် ထားရှိသွားမှာဖြစ်တယ်။ အခြေအနေအရ သူတို့ကို မိမိတို့နေရပ်ဒေသတွေကို ပြန်လည်စေလွှတ်ခြင်း သော်လည်း အခြေအနေအရ ဒီမှာထားရှိရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။
COVID-19 ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံကပြန်လာသူတွေဖြစ်လို့ ကျန်းမာရေးအရ အစစ်ခံဖို့ အထူးလိုအပ်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနို်ငငံမှာ စစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၁၄ ဦးထဲမှာ ၂ ဦးက ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူတွေဖြစ်ပါ ပါတယ်။
ထိုင်းကနေ ခုရက်ပိုင်း ပြန်ဝင်လာတဲ့ ပန်းတနော်မြို့နယ်က နန်းခလိတ်က “ကိုယ်က အခြား(ထိုင်း)နိုင်ငံက ပြန်လာတာ။ ပြောမရဘူးလေ။ တလမ်းလုံး အစစ်ခံလာ ရတယ်။ မလွတ်တဲ့လူ ကျန်ခဲ့ပဲ။ ကောင်းတဲ့လူတော့ ပြန်ပေါ့။ အကြိမ်ကြိမ်အခါခါ သူတို့စစ်တယ်”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေဟာ ဒီကနေ့အထိ ထောင်ဝိ မိုးကုတ်ဝိပဿနာရိပ်သာမှာ ၁၄၉ ဦး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ၁၂၂ ဦး၊ လှာကမြင်မူလတန်းလွန်ကျောင်းမှာ ၄၇ ဦးရှိပြီး သီးသန့်စောင့်ကြည့်ထားကာ ကျန်းမာရေးအပြင် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
COVID-19 စောင့်ကြည့်နေထိုင်စဉ်ကာလအတွင်း မိမိ၊ မိမိပတ်ဝန်းကျင်နဲ့ မိမိဒေသအတွက် ကျန်းမာရေး အသိစိတ်ရှိ ရှိနဲ့ ပူပေါင်းဆောင်ရွက်ကြဖို့နဲ့ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ တားမြစ်ချက်တွေ ကို အတိအကျလိုက်နာဆောင်ရွက်ပြီး ကျန်းမာရေးအရ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
သတင်း-ရဲမင်းခေါင်