မြန်မာနိုင်ငံရှိ COVID-19 လူနာ ၂ ဦး ကျန်းမာရေးမကောင်း
ဆုဆုသွယ်
·
March 30, 2020
ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံထားရတဲ့ လူနာ ၈ ဦးထဲမှာ ၆ ဦးက ကျန်းမာရေးကောင်းမွန်ပြီး ကျန်တဲ့ ၂ ဦးကတော့ ကျန်းမာရေးမကောင်းဘူးလို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က နှာခေါင်းကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသား ( COVID-19 လူနာနံပါတ် ၅) နဲ့ ဗဟန်းမြို့နယ်မှာနေထိုင်ပြီး ဧည့်လမ်းညွှန်အလုပ်ကို လုပ်ကိုင်နေတဲ့အသက် ၆၀ အရွယ်အမျိုးသမီး (လူနာနံပါတ် ၈) တို့ဟာ ကျန်းမာရေးမကောင်းဘူးလို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
လတ်တလောမှာ ကိုရိုးနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ လူနာတွေနဲ့ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်စောင်ကြပ်ကြည့်ရှုတဲ့ (Quarantine) လုပ်ဆောင်ထားပါတယ်။
မနေ့ညကတော့ လူနာနံပတ် ၅ နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်နေ အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါတွေ့ရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေသွားလာခဲ့တဲ့လမ်းကြောင်းတွေကို အများပြည်သူသိရှိဖို့ ထုတ်ပြန်ပေးမှာဖြစ်ပြီး လမ်းကြောင်းတလျှောက်မှာ ထိတွေ့ဆက်ဆံခံခဲ့ရတဲ့ လူတွေရှိရင် နီးစပ်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ချိတ်ဆက်ပြီး ကျန်းမာရေးဌာနတွေကို ဆက်သွယ်ပေးဖို့ ဒေါက်တာထွန်းမြင့်က တိုက်တွန်းပါတယ်။
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေ ထောက်လှမ်းခဲ့ရာမှာ လူပေါင်း ၄၇၀ ဦးကျော်ကို တွေ့ရှိခဲ့ပြီး သူတို့မှာ ရောဂါကူးစက် ခံထားရခြင်း ရှိ၊ မရှိနဲ့ ရှိခဲ့ပါက ၎င်းတို့မှတစ်ဆင့်ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်နေတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။