ဖြူးမြို့နယ်၌ ပြည်ပမှပြန်လာသူ ၈၇၀ ကို နေရာ ၅၄ ခုတွင် သီးခြားထား စောင့်ကြည့်
DVB
·
March 29, 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၈၇၀ ကို ကျေးရွာအလိုက် နေရာ ၅၄ ခုမှာ သီးခြားထားရှိပြီး စောင့်ကြည့်နေတယ်လို့ ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်ပက ပြန်လာသူတွေကို ၁၄ ရက် စောင့်ကြည့်သွားမှာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝပေးထားကြောင်းနဲ့ ဆရာဝန်နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေကို ပိုမိုပြီး အထောက်အကူပြုပစ္စည်းတွေ ပံ့ပိုးထားတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဖြိုးဝေဝင်းက ပြောပါတယ်။
“အဓိကပြောချင်တာကတော့ သတင်းအမှားတွေကို မယုံကြည်ကြဖို့ပါပဲ။ အခု ပြည်ပက ပြန်ဝင်လာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါမှာလည်း သူတို့တွေ စိတ်ဒဏ်ရာ မရရှိရေးကိုပါ ဆောင်ရွက်နေတယ်။ ဆရာဝန်နဲ့ဝေးတဲ့ ကျေးရွာတွေမှာ မောလာတယ်ဆိုရင် ချက်ချင်း အောက်စီဂျင်ပေးနိုင်အောင် စက်တွေကို ဆောင်ရွက်ပေးထားတယ်။”
ပြည်ပက ပြန်လာသူတွေကို ကျေးရွာတွေရဲ့ ဘုန်းတော်ကြီး၊ ကျောင်းဓမ္မာရုံတွေနဲ့ စာသင်ကျောင်းတွေမှာ စီစဉ်ပြီး ထားရှိထားတာပါ။
ဖြူးမြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုစခန်းတွေမှာ အခုလက်ရှိ ကျား ၅၅၄ ဦး၊ မ ၃၁၆ ဦး စုစုပေါင်း ၈၇၀ ကို စောင့်ရှောက်ထားပြီး အများစုဟာ ထိုင်းနိုင်ငံက ပြန်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)