တောင်ကြီးတက္ကသိုလ်ပိုင် တိုးချဲ့မြေပေါ် ကျူးကျော်သူများကို ဖယ်ရှား
DVB
·
March 29, 2020
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေပေါ်မှာ အကွက်ရိုက် ကျူးကျော် နေထိုင်သူတွေကို ဒေသခံအာဏာပိုင်တွေက မတ် ၂၈ ရက်မနက်က စတင် ဖယ်ရှားလိုက်ပါတယ်။
တက္ကသိုလ်ကျူးကျော်မြေနေရာကိစ္စကို ဖြေရှင်းဖို့ နေပြည်တော် အဆင့်မြင့်ပညာရေးဦးစီးဌာနကလည်း ညွှန်ကြားလာသလို ရှမ်းပြည်နယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်နဲ့ ပေါင်းပြီး ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဖယ်ရှား ရှင်းလင်းတာ ဖြစ်ပါတယ်။
ကျူးကျော် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ တောင်ကြီးတက္ကသိုလ်က နို့တစ်စာ အကြိမ်ကြိမ်ထုတ်ပြီး ကပ်ထားပေမယ့် ဖယ်ရှားခြင်းမရှိတဲ့အတွက် အမိန့်ရအာဏာနဲ့ ဖယ်ရှားလိုက်တာလို့ တောင်ကြီးတက္ကသိုလ် စီမံ/ဘဏ္ဍာ ဌာနမှူး ဒေါ်နန်းခမ်းက ပြောပါတယ်။
အဲဒီကျူးကျော်မြေပေါ်နေထိုင်တဲ့သူတွေဟာ မြေပိုင်ဆိုင်တဲ့ အထောက်အထားမရှိဘဲ ပလပ်မြေဖြစ်ကြောင်း သတင်းကြားလို့ လာရောက်နေထိုင်သူတွေ ရှိသလို နေစရာမရှိလို့ ဒါမှမဟုတ် မြေကွက်ရောင်းသူရှိလို့ ဝယ်ယူနေထိုင်သူတွေလည်း ရှိနေပါတယ်။
ဖယ်ရှားခံရသူတွေအနေနဲ့ကတော့ သူတို့ကို ဖယ်ရှားခိုင်းတဲ့အချိန်မှာ အသနားခံစာတွေ တင်ထားပေမယ့် ဘာမှမထူးဘူးလို့ တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေပေါ် နေထိုင်သူ ဒေါ်ရီမွန်ထွန်းက ပြောပါတယ်။
တောင်ကြီးတက္ကသိုလ်တိုးချဲ့နယ်မြေဟာ တက္ကသိုလ်အတွက် လိုအပ်တဲ့ သုတေသန နေရာ၊ နယ်ဝေး ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ တိုင်းရင်းသားပေါင်းစုံကျောင်းသား စုစည်းရာနေရာ၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသားသမဂ္ဂအဖွဲ့ရုံး၊ ဆရာသမဂ္ဂအဖွဲ့ရုံး စတာတွေ တည်ဆောက်ဖို့ ရည်ရွယ်ထားတာပါ။
တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေဟာ ၁၁၄ ဒသမ ၁၉ ဧကရှိပြီး လက်ရှိ သွပ်မိုး၊ သွပ်ကာအိမ် ၃၁ လုံး၊ တဲအိမ် ၁၈ လုံး၊ သွပ်မိုးထရံကာအိမ် ၂၇ လုံး၊ ဝါးအိမ် ၁လုံး၊ အုတ်ရိုက်ကွင်း ၁ ကွက်၊ ခြံစည်းရိုး ခတ် ၁၄ ကွက်၊ ဖောင်ဒေးရှင်းချ ၁ ကွက်၊ သွပ်မိုးပျဉ်အုတ် နှစ်ထပ်အိမ် ၁ လုံး၊ သဲကျင်း ၃ ကွက်၊ စာသင်ကျောင် လျာထားနေရာ ၁ ကွက်၊ စသဖြင့် ကျူးကျော်သူ ၁၀၄ နေရာ ရှိပါတယ်။
တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေဟာ ၁၉၉၃ ခုနှစ်က သစ်တောကြိုးဝိုင်းကနေ စွန့်လွှတ်ပေးထားတာဖြစ်ပြီး ပုံစံ ၁၀၅၊ ၁၀၆ ထွက်ထားပြီးသားမြေလည်းဖြစ်ပါတယ်။
ခွန်ရာဇာ