မောင်တောမြို့တွင် ကျည်ထိမှန်သည့် ၉ တန်းကျောင်းသူ ဆေးကုသရန် အကူအညီလိုအပ်နေ
DVB
·
March 28, 2020
သေနတ်ကျည်ဆန် ညာဘက်ခြေဖဝါးအရိုးကို ထိမှန်သွားတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှ အသက် ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသူ မိန်းကလေးဟာ စစ်တွေဆေးရုံ ပို့ဆောင်ထားရပြီး ဆေးဆက်ကုသဖို့ အကူညီလိုအပ်နေပါတယ်။
ကျောင်းသူ မစုပြည့်ပြည့်ကျော်ဟာ မတ်လ ၂၅ ရက် ည ၇ နာရီ ခွဲလောက်က မောင်တောမြို့ ၅ မိုင်ရှိ သူရဲ့နေအိမ်မှာ မိသားစုနဲ့အတူ ညစာစားနေကြစဉ် ကျည်ထိမှန်ခဲ့တာပါ။
သူမအား မောင်တေ ကဂရုဏာကွန်ရက်က မောင်တောဆေးရုံမှတဆင့် စစ်တွေဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသဖို့ အကူအညီလိုအပ်နေတာပါ။
ဖခင်ဖြစ်သူ ဦးမဲ့လုံးချေက "မောင်တောဆေးရုံမှာတုန်းကလည်း ဆေးစရိတ်စကတွေ ကိုယ်တိုင်ရှင်းပေးခဲ့ရတယ်။ ICRC က ခေါပြီးစာရင်းယူထားတယ်၊ ဘာအကူအညီမှ လာမပေးဘူး။ အခု စစ်တွေမှာလည်း အရိုးပါရဂူ မရှိသေးတဲ့အတွက် ဘာအဖြေမှမသိရသေးဘူး။ အချိန်ဘယ်လောက်ကြာမယ်မသိဘူး။ ကျနော်တို့က တနေ့လုပ်မှ တနေ့ စားနေရတဲ့ ဆင်းရဲသားတွေပါ။ တပ်မတော်ကလည်း သူတို့ပစ်တာ သူတို့တာဝန်မယူဘူး” လို့ ပြောပါတယ်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ တပ်မတော်က မိုင်းထောင်သူတွေကို ပစ်ခတ်ရာမှ ထိမှန်ခဲ့တာလို့ ပြောပါတယ်။
“အဲဒီ ၅ မိုင်နားမှာ မိုင်းထောင်နေတဲ့ နှစ်ဦးကို တပ်က လိုက်ဖမ်းတဲ့အခါ ထွက်ပြေးတယ်။ ထွက်ပြေးတော့ လှမ်းပစ်တဲ့အချိန်မှာ အဲဒီကျောင်းသူလေးဆီမှာ ထိမှန်သွားတာလို့ သိရတယ်။ မိုင်းထောင်သူတဦးကိုတော့ ဖမ်းဆီးထားတယ်။”
ဒဏ်ရာရရှိသူရဲ့မိသားစုဟာ မောင်တောမြို့ ၅ မိုင်အနီး ပန်းနဲ့တောင်ယာ စိုက်ပျိုးပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေသူတွေ ဖြစ်တယ်လို့ လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ပြောပါတယ်။
လင်းလက်