ငပလီကမ်းခြေ နိုင်ငံခြားသား ဝင်ရောက်မှု ပိတ်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
March 28, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ် ငပလီကမ်းခြေမှာ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာနေတာ ပိတ်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ငပလီကမ်းခြေမှာ နိုင်ငံခြားသား လာရောက်အပန်းဖြေ ဝင်ထွက်သွားလာနေတာ ဒီနေ့အထိ ရှိနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြပြီး ယာယီပိတ်ထားပေးဖို့ ငပလီမြို့ဒေသခံ ကိုစိန်ချစ်က ပြောပါတယ်။
“ဒေသခံတွေအတွက် စိုးရိမ်ရတာပေါ့၊ ရောဂါကလည်း နိုင်ငံခြားက အဓိကရောက်လာတာကို။ ကျနော့်တို့ စုံစမ်းရသလောက် နံပါတ် ၈ ယောက်မြောက် လူနာ ဒေါ်အေးအေးသန်းနဲ့ အတူတူသွားလာခဲ့တဲ့ ပြင်သစ် ၇ ဦးဟာ ငပလီကို ၂၂ ရက် ရောက်ခဲ့ပြီးတော့ ၃ ရက်နေ သွားခဲ့တယ်။ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့ သွားလာခဲ့တဲ့ ဟိုတယ်တွေ၊ သွားခဲ့တဲ့နေရာတွေကို ကျန်းမာရေးအရ စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့မြင်တယ်၊ အခုအချိန်ထိလည်း ဘာထုတ်ပြန်ချက်မှ မရှိဘူး၊ ပုံမှန်အတိုင်းပဲနေမြဲနေမြဲ၊ စားမြဲစားမြဲ၊ သွားမြဲ သွားမြဲဖြစ်တဲ့အခါကျတော့ ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်တာပေါ့၊ အဲဒါကြောင့် နိုင်ငံခြားသားအဝင်ကို ပိတ်ထားစေချင်တယ်။”
ငပလီမြို့မှာ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာနေတာတွေနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီနေ့ညနေ တွေ့ဆုံကာ အစည်းအဝေး ပြုလုပ်သွားမယ်လို့ ငပလီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးရီအောင်က ပြောပါတယ်။
“လက်ရှိမှာတော့ ဒီနေ့ထိကတော့ ကျနော်တို့ ပိတ်ထားခြင်း မရှိသေးဘူးပေါ့နော်၊ ညနေ ၄ နာရီမှာတော့ အစည်းအဝေးထိုင်ဖို့ရှိပါတယ်၊ ခရိုင်အဆင့်တာဝန်ရှိသူတွေနဲ့ ကျနော်တို့ အပါအဝင် တွေ့ဆုံဖို့ လုပ်ထားပါတယ်၊ အဲဒီမှာတော့ သတင်းထူးမှာပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတွေကို ပိတ်ထားပေမယ့် ငပလီကမ်းခြေကိုတော့ မပိတ်သေးတာကြောင့် ဒေသခံတွေက ပိတ်ပေးဖို့ တောင်းဆိုနေကြတာပါ။
နောင်နောင်