Home
မြန်မာသတင်း
COVID-19 ကာကွယ်ရန် မုံရွာမြို့တွင် ဆိုင်ထိုင်အစား ပါဆယ်သာ ရောင်းချလာ
DVB
·
March 28, 2020
COVID-19 ရောဂါကို ကာကွယ်ဖို့  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဆိုင်ထိုင် ရောင်းချခွင့် ပိတ်ပြီးနောက်ပိုင်း မုံရွာမြို့က စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ထမင်းဆိုင်တွေမှာ ပါဆယ်သာ ရောင်းချပေးနေပါတယ်။ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ငယ်တချို့ကတော့ ဆိုင်ထိုင်တာ ခွင့်ပြုနေဆဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေကို အမှီပြုရတဲ့ ကျောင်းဝန်းကျင်က ဆိုင်တချို့ကတော့  ပိတ်ထားကြပါတယ်။ စစ်ကိုင်းတိုင်း ကိုရိုနာရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက  “အဓိကကတော့ လူစုလူဝေးဖြစ်စေတဲ့ ပျော်ပွဲ ရွှင်ပွဲအလှူတွေ မလုပ်ကြဖို့ ပြောထားပေမယ့် စားသောက်ဆိုင်တချို့မှာ လူ ၅၀၊ ၁၀၀ လောက်ထိ ရှိနေတယ်။ အဲဒါတွေပါ ပပျောက်သွားအောင် နောက်တခါ သူတို့ရဲ့ စီးပွားရေးလည်း အရှိန်မပျက်အောင် ဈေးဆိုင် ပိတ်လိုက်ရင်လည်း သူတို့ကို မှီခိုနေတဲ့ ဝန်ထမ်းလေးတွေ ရှိသေးတယ်လေ။ ဆိုင်ထိုင်စားလို့တော့ မရ‌ဘူး။ ပါဆယ်ဆွဲပေါ့။ လူစုလူဝေးဖြစ်ရင် ကူးဖို့ရာ အခွင့်အလမ်းက များနေတာပေါ့။ လူစုလူဝေး လျှော့ချတာပါ”လို့ ပြောပါတယ်။ တိုင်းအစိုးရ ထုတ်ပြန်ချက်အပေါ်မှာတော့ စီးပွားရေးအရ ထိခိုက်မှုရှိပေမယ့် အားလုံးရဲ့ ကျန်းမာရေးကိစ္စဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတာကို လက်ခံရမယ်လို့လည်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်တွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြနဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေအနေနဲ့ ပါဆယ်သာ ရောင်းချကြဖို့ မတ်လ ၂၇ ရက်မှာ တိုင်းအစိုးရက ညွှန်ကြားထားပါတယ်။ မလိုက်နာရင် ဥပဒေနဲ့အညီ အရေးယူသွားဖို့လည်း မြို့နယ်တိုင်းကို ညွှန်ကြားထားပါတယ်။ လက်ရှိမှာ COVID-19 ရောဂါက မြန်မာနိုင်ငံကိုလည်း ရောက်ရှိနေပြီး တပတ်အတွင်း လူ ၈ ဦးထိ ကူးစက်ခံထားရကာ သံသယလူနာတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024