တပ်မတော်စစ်ကြောင်းကို ဖုန်းဖြင့် ဗွီဒီယိုရိုက်သည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
March 28, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းတွေရဲ့ သွားလာမှုကို လက်ကိုင်ဖုန်းနဲ့ ဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးနေတဲ့ အမျိုးသမီးတဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးနေပါတယ်။
မတ်လ ၂၅ ရက်မနက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက ဟဲထင်ကျေးရွာအတွင်း ဝင်ရောက်စဉ် နေအိမ်တလုံးပေါ်မှ မသင်္ကာဖွယ် အမျိုးသမီးတဦးက လက်ကိုင်ဖုန်းနဲ့ ဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးနေတာ တွေ့ရှိတဲ့အတွက် စစ်ဆေးမေးမြန်းခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗွီဒီယိုမှတ်တမ်းတင် ရိုက်ကူးသူဟာ ဒေါ်မိုးဟိန်း(ဘ) ဦးအိုက်ပီ ဖြစ်ပြီး သူ့ရဲ့ ဖုန်းအတွင်းမှ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေ တွေ့ရှိရလို့ ဆက်လက် စစ်ဆေးဖို့ ထိန်းသိမ်း ခေါ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ဒီနောက် ပန်းတင်ကျေးရွာမှာ ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ TNLA အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နောက်ထပ်အဖွဲ့ဝင်တဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွာထဲကနေ အေကေ-၄၇ သေနတ် ၅ လက်၊ အမ်-၂၂ သေနတ် ၂၈ လက်၊ ကေအို-၉ သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၃၈ လက်၊ အမ်-၂၂ ကျည်အိမ် ၅ ခု၊ အမ်-၂၂ ကျည် ၈ဝ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်း ၈ စုံ၊ ကျည်ကာဦးထုပ် ၁ လုံး၊ ဒီတိုနေတာ ၅ ချောင်း၊ ဝိုင်ယာကြိုး နီ/နက် ၃ဝ ကိုက်ခန့်နှင့် ယမ်းမှုန့် ၁ ပိဿာခန့်တို့အား သိမ်းဆည်းရမိတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိထားတဲ့ အမျိုးသမီးတဦးနဲ့ TNLA ၄ ဦးတို့ကို ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- CINCDS