ဟင်္သာတတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိ စောင့်ကြည့်နေရာ ၉ ခုထားရှိ
DVB
·
March 28, 2020
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ပြည်ပကပြန်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စောင့်ကြည့်တဲ့ နေရာ ၉ ခုထားရှိပြီး ကျန်းမာရေးစစ်ဆေး စောင့်ကြည့်မှုတွေကို မတ်လ ၂၆ ရက်နေ့ကစပြီး ဆောင်ရွက်နေတယ်လို့ မြို့နယ်တာဝန်ရှိသူက ပြောပါတယ်။
ပြည်ပမှပြန်လာသူတွေကို စောင့်ကြည့်ဖို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးသင်တန်းကျောင်း၊ အထက (ဒူးယား)၊ တလုတ္ထော်မြို့ သမိုင်း (မူလွန်)ကျောင်း၊ ကျုံတွမ်တပ်ဦး ရွှေဘုံသာကျောင်း၊ အ.ထ.က (ရှားခဲ)၊ အ.ထ.က (ယုန်သလင်း)၊ အ.ထ.က (ဒမ္ဘီ)၊ နိဗ္ဗာန်ဆေးရုံ၊ ကြွက်ကျွန်း တိုက်နယ်ဆေးရုံတွေမှာ ထားရှိဖို့ ပြင်ဆင်ထားပါတယ်။
ဟင်္သာတ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေကို ပေးအပ်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြောပါတယ်။
လက်ရှိမှာ ဟင်္သာတမြို့နယ်မှ ဒေသခံများအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုတာတွေ နည်းပါးနေတဲ့အပြင် ကိုယ်တိုင်ဝယ်ယူအသုံးပြုနေကြပြီး တခါတရံ နှာခေါင်းစည်းနဲ့ လက်ဆေးရည်တွေ ဝယ်မရဖြစ်နေတယ်လို့ ဟင်္သာတဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 လူနာ ၈ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။