Sunday, June 11, 2023
Homeမွနျမာသတငျးရခိုင်ပြည်နယ်အစိုးရ ကျောက်ထုတ်မည့်စီမံကိန်း ပြည်သူကို ချပြ

ရခိုင်ပြည်နယ်အစိုးရ ကျောက်ထုတ်မည့်စီမံကိန်း ပြည်သူကို ချပြ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲမှာ ဒီနှစ်ကုန်ပိုင်းကျရင်စတင်မယ့် နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်းအကြောင်းကို ရခိုင်ပြည်နယ်အစိုးရက နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ မြို့မိမြို့ဖ တွေကို မတ် ၂၆ ရက်နေ့က ရှင်းပြပါတယ်။

သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင်နဲ့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းတို့က တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ဦးဆောင်ရှင်းလင်းတာ ဖြစ်ပါတယ်။

ဒီပွဲကို မြို့နယ်တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ စေတနာသွေးလှူရှင်များအဖွဲ့တွေနဲ့ ဝေယျာဝစ္စ နာရေးကူညီမှု အသင်းတွေက တာဝန်ရှိသူတွေနဲ့ မြို့မိမြို့ဖ အပါအဝင် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းအောင်က ဒီရှင်းလင်းပွဲမှာ ပြောကြားချက်ကို ခုလို ပြောပါတယ်။

“အဓိကရှင်းပြတာက မာဘယ်လ်ကျောက်အမျိုးအစားပေါ့။ ဒီကျောက်ဟာ ဘယ်လိုအရည်အသွေး ရှိတယ်။ ဗီယက်နမ်ကုမ္ပဏီက ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး ၀င်လာတယ်ဆိုတာရယ်၊ ကုမ္ပဏီ နှစ် ၂၀ ထုတ်ယူခွင့် စာချုပ်ချုပ်ဆိုထားတာရယ်၊ နှစ်စဉ် နှစ်စဉ် ဘယ်လိုထုတ်ယူမယ် ဆိုတာတွေကို ရှင်းပြသွားတယ်။ ဒါပေမယ့် ကျနော်တို့က ဒီစာချုပ်ကို ဖတ်ချင်တယ်။ ဒေသအတွက်၊ နိုင်ငံနဲ့ ပြည်နယ်အတွက် ဘာအကျိုးအမြတ်တွေရမယ်ဆိုတာ သိချင်လို့ စာချုပ်မိတ္တူဖတ်ခွင့် ရ၊ မရဆိုတာ မေးပေမယ့် အဲဒါကို ဂဃနဏ ပြန် ဖြေကြားသွားတာမရှိဘူး။”

အဲ့ဒီ စီမံကိန်းမှာ အလုပ်သမား ၂၉၈ ယောက်ရှိမှာဖြစ်ပြီး အဲဒီအထဲက ၂၄၁ ယောက်ကို ဒေသခံအလုပ်သမားတွေအဖြစ် အသုံးပြုသွားမယ်လို့ ရှင်းပြတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ အရှေ့ဘက် မိုင် ၂၀ ကျော်လောက်အကွာမှာရှိတဲ့ နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်းလုပ်ခွင့်ကို နိုင်ငံတော် သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီတခုတို့ဟာ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ထိုးထားပြီး ၂၀၁၃ ခုနှစ်ကစပြီး ၁ ရက်ကို မာဘဲလ်ကျောက် မက်ထရစ်တန်ချိန် ၇၈၅၀ တန် ထုတ်လုပ်သွားမှာ ဖြစ်ပြီး နှစ် ၂၀ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

စီမံကိန်းတွေအကောင်အထည်မဖော်ခင်မှာ ဒေသခံတွေကို ချပြတဲ့အလေ့အကျင့်ကို တွေ့ရတယ်လို့ ဦးမင်းအောင်က ကြိုဆိုပြောဆိုလိုက်ပေမယ့် အခုရှင်းလင်းပြတာတွေဟာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“စာချုပ်ချုပ်ထားတယ်ဆိုတာတောင်မှ စာချုပ်မဟုတ်သလိုလို၊ သဘောတူညီမှုယူထားသလိုလို၊ နားလည်မှုစာချွန်လွှာ MOU လို လက်မှတ်ထိုးတာလည်းမဟုတ်ဘူး။ ပြည်နယ်အနေနဲ့ ဘယ်လိုအချိုးကျရရှိမယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ ဘယ်လိုပုံစံမျိုး ရရှိမယ်။ ဒေသဆိုင်ရာပြည်သူတွေအတွက် ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေမှာ ဘယ်လိုအထောက်အပံ့ထားပေး လုပ်ပေးမယ်ဆိုတာတွေလည်း အတိအကျပြောသွားတာ မရှိဘူး”

ဒီနေပူတောင် စီမံကိန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က စတင်လိုက်တဲ့ ရခိုင်ပြည်နယ် လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ့မှာ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်အမတ် ဦးအောင်မြကျော်က ကန့်ကွက်ခဲ့ပြီး စီမံကိန်းတွေကို ပြည်သူတွေ နားလည်သဘောပေါက်အောင် ချပြသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular