Home
မြန်မာသတင်း
တပ်မတော်အရာရှိနှင့် စစ်သည် ၄၃၄၀၀ ကျော်ကို တပ်မတော်စိန်ရတုနှစ် တံဆိပ်များပေးအပ်
DVB
·
March 27, 2020
ဒီကနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော် အရာရှိနဲ့ စစ်သည် ၄၃၄၀၀ ကျော်ကို  တပ်မတော် စိန်ရတုနှစ်တံဆိပ်တွေ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ တပ်မတော်ရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်နိုင်မှုတွေနဲ့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် တပ်မတော်မှာ စစ်မှုထမ်းသက် ၂၅ နှစ်နဲ့အထက်  တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းတွေကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တပ်မတော်စိန်ရတုနှစ် တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချီးမြှင့်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါပြဋ္ဌာန်းချက်အရ အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ တပ်မတော်အရာရှိ ၁၂၄၉ ဦး၊ စစ်သည် ၄၂၁၆၇ ဦး၊ စုစုပေါင်း ၄၃၄၁၆  ဦးကို နိုင်ငံတော်သမ္မတရုံးရဲ့ မတ်လ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၁/၂၀၂၀ နဲ့ တပ်မတော်စိန်ရတုနှစ်တံဆိပ်တွေ ချီးမြှင့်အပ်နှင်းလိုက်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ထူးခြားစွာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ အရာရှိ၊ စစ်သည်တွေ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းတွေနဲ့ မှီခိုသူရဲမေတွေ စုစုပေါင်းအင်အား ၅၈၄၈၃ ဦး၊ အဖွဲ့လိုက်ဆု (၁) ဆုတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုဆု ၁၀ မျိုး ချီးမြှင့်လိုက်ပါတယ်။ အဆိုပါဂုဏ်ပြုဆုတွေကတော့ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ပြုဆု ၁၄၈၉ ဦး၊ အမှုထမ်းကောင်းဆိုင်ရာဂုဏ်ပြုဆု ၅၆၇၄၆ ဦး၊ အနုပညာ ဆိုင်ရာဂုဏ်ပြုဆု တဦးချင်း ၂၆ ဦးနဲ့ အဖွဲ့လိုက်တစ်ဆု၊ စာပေဆိုင်ရာဂုဏ်ပြုဆု ၅၄ ဦး၊ စီးပွားရေးဆိုင်ရာ ဂုဏ်ပြုဆု ၃၁ ဦး၊ နည်းပညာဆိုင်ရာ ဂုဏ်ပြုဆု ၅၈ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဂုဏ်ပြုဆု လေးဦး၊ အားကစားဆိုင်ရာ ဂုဏ်ပြုဆု ၂၉ ဦး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ ဂုဏ်ပြုဆု ၃၆ ဦးနဲ့ အကြံပေးပုဂ္ဂိုလ်များဆိုင်ရာ ဂုဏ်ပြုဆု ၁၀ ဦးတို့ ဖြစ်ပါတယ်။ အခုနှစ် ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ စစ်ရေးပြအခမ်းအနားကိုတော့ COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ကျင်းပခြင်းမရှိဘဲ ဖျက်သိမ်းထားပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024