နိုင်ငံတော်ကို ဖြိုခွဲချင်သူများက တပ်မတော်ပြိုကွဲအောင်ကြိုးစားနေဟု ကာချုပ်ပြော
DVB
·
March 27, 2020
နိုင်ငံတော် အတွက် တပ်မတော်ပြိုကွဲ၍ မရကြောင်းနဲ့ နိုင်ငံတော်ကို ဖြိုခွဲချင်သူတွေက တပ်မတော်ပြိုကွဲအောင်ကြိုးစားနေကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
“ နိုင်ငံတော် အတွက် တပ်မတော်ပြိုကွဲ၍ မရပါ။ နိုင်ငံတော်ကို ဖြိုခွဲချင်သူများအား အတိတ်၊ ပစ္စုပ္ပန် ကာလတို့တွင် တပ်မတော်ပြိုကွဲ စေရန်ကြိုးစားရန် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ၊ အနာဂတ်တွင်လည်း ကြိုးစား နေကြမည်ဖြစ်၍ သတိတမံ၊ ဉာဏ်မြေ ကတုတ်ဖြင့် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်းစစ်ရေး သတိရှိ၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ရှိ နေရ မည်ဖြစ်သည်။ တပ်မတော်သည် ပြည်ထောင်စု တိုင်းရင်းသား ပြည်သူများမှ မွေးဖွားလာကြသော ပြည်သူများ၏ သားသမီးများနှင့် ဖွဲ့စည်း တည်ဆောက်ထားသည့် တစ်ခုတည်းသော ပြည်ထောင်စု တပ်မတော် စစ်စစ်ဖြစ်၏။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ပေသည်။”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
တပ်မတော်ဟာ စိန်ရတုကာလ သက်တမ်းကို လွယ်လွယ်ကျော်ဖြတ်ခဲ့ရတာမဟုတ်ဘဲ ခယောင်းလမ်းခရီး ကြမ်းကြီး ကို အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာနဲ့ ပေးဆပ် ကျော်ဖြတ်ခဲ့ရတာဖြစ်တယ်၊ ပေးဆပ်မှုအားလုံး၊ ပေးဆပ်သူများအားလုံးရဲ့ တစ်ခု တည်းသောရည်မှန်းချက်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအတွက် လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်မှု မပြိုကွဲရေးတို့သာဖြစ်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။
ဒါ့အပြင် ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မြဲမြဲ မယိုင်လဲစေဖို့နဲ့ နိုင်ငံရဲ့ အဓိကလိုအပ်ချက် ဖြစ်တဲ့ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေး တို့အတွက်လည်း သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေတယ်လို့လည်း ပြောသွားပါတယ်။
အခုနှစ် ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ စစ်ရေးပြအခမ်းအနားကိုတော့ COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ကျင်းပခြင်းမရှိဘဲ ဖျက်သိမ်းထားပါတယ်။
ဓာတ်ပုံ-CINCDS