Homeမြန်မာသတင်း
ပုသိမ်မြို့၌ ပြည်ပပြန်များအား ထားရှိမည့် အဆောင်သန့်ရှင်းရေးအတွက် စေတနာ့ဝန်ထမ်း လိုအပ်
ပုသိမ်မြို့၌ ပြည်ပပြန်များအား ထားရှိမည့် အဆောင်သန့်ရှင်းရေးအတွက် စေတနာ့ဝန်ထမ်း လိုအပ်
DVB
·
March 27, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ မပျံ့နှံ့စေရေး ကာကွယ်တဲ့အနေနဲ့ ဧရာဝတီတိုင်းမှာ ပြည်ပနိုင်ငံတွေက အလုပ်လုပ်ပြီး ပြန်လာတဲ့ နိုင်ငံသားတွေကို ထားရှိဖို့ ပုသိမ်တက္ကသိုလ်ရှိ အဆောင် ၂ ဆောင်မှာ အခန်းတွေ စီစဉ်ပေးထားပါတယ်။
အခန်းတွေ သန့်ရှင်းရေးပြုလုပ်ဖို့တော့ စေတနာနဲ့ ဝိုင်းကူလုပ်ပေးမယ့်လူတွေ လိုအပ်နေသေးတယ်လို့ သန့်ရှင်းရေး လုပ်ကိုင်ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားတဲ့ ဒီအဆောင်တွေကိုတော့ ကျနော်တို့ ရှင်းထားပြီးပါပြီ။ ရှင်းတဲ့အခါမှာလည်း အရမ်းအင်အားနည်းပါတယ်။ ဘယ်သူတွေပါလဲဆိုတော့ အန်အယ်လ်ဒီပါတီက ရပ်ကျေးအဖွဲ့ဝင်တွေ ပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ပါတယ်။ ကျန်တဲ့ လူတွေကိုလည်း ပါဝင်စေချင်တယ်"လို့ အဆောင်တွေ သန့်ရှင်းရေး ကူညီပါဝင်ဆောင်ရွက်ပေးနေတဲ့ ကိုကျော်ကျော်မင်းက ပြောပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေကို ၁၄ ရက်ကြာ စောင့်ကြည့်ဖို့အတွက် အခန်းတွေ သန့်ရှင်ရေးပြုလုပ်ရာမှာ နိုင်ငံရေးပါတီတွေ၊ သမဂ္ဂတွေအပြင် အခြားသော အရပ်ဘက်အဖွဲ့အစည်း တွေကိုလည်း ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။
စောင့်ကြည့်ဖို့ လုပ်ဆောင်နေတဲ့ အဆောင်တွေ ပြင်ဆင်တာမပြီးသေးရင် ပြည်ပနိုင်ငံက ပြန်လာပြီး ရပ်ကွက်တွေ၊ ကျေးရွာတွေက လက်မခံတဲ့သူတွေကို ထားနိုင်ဖို့အတွက် အခက်အခဲတွေရှိ လာပြီး ဆိုးကျိုးတွေ များလာနိုင်တယ်လို့ ကူညီသန့်ရှင်းရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်မယ့် အဆောင်တွေ မပြီးစီးသေးတာကြောင့် မတ်လ ၂၆ ရက် မနက်ပိုင်းက အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က ဦးဆောင်တဲ့ အထည်ချုပ်အလုပ်သမား ၇၀ နီးပါးက အလုပ်ကနေ ခွင့်ယူပြီး လာရောက်သန့်ရှင်းရေး လုပ်ပေးခဲ့ပါတယ်။
အထည်ချုပ်စက်ရုံဝန်ထမ်း မအေးသီတာက “ကိုယ့်နိုင်ငံသားအချင်းချင်း ကူးစက်ခံရတာ နည်းအောင်၊ ပြီးတော့ ဒီပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေကို စောင့်ကြည့်တာတွေကို အချိန်မီ ပြုလုပ်နိုင်ဖို့အတွက် ဒီနေ့ ခွင့်ယူပြီးတော့ သမီးတို့ အယောက် ၆၀ လောက် ဒီမှာလာပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ပေးတာပါ”လို့ ပြောပါတယ်။
ပြည်ပနိုင်ငံက ပြန်လာတဲ့သူတွေကို စတင်ထားရှိတော့မယ်ဆိုရင် ရေချိုးခန်းတွေ၊ အိမ်သာတွေ သန့်ရှင်းရေးပြုလုပ်နိုင်ဖို့အပြင် အခန်းတွေကိုလည်း ၂ ရက် တကြိမ် ဆေးဖျန်းတာတွေ သန့်ရှင်းရေးပြုလုပ်တာတွေ လုပ်ဆောင်ရမှာဖြစ်လို့ လူအင်အား လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပြည်ပနိုင်ငံက ပြန်လာသူတွေကို စောင့်ကြည့်တဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ စေတနာနဲ့ လုပ်အားပေးတဲ့သူတွေ အယောက် ၃၀ လောက်နဲ့ အဖွဲ့ ဖွဲ့ထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အဖွဲ့ဝင်အားလုံးကို အသိအမှတ်ပြုခံရဖို့ ကျန်းမာရေးဌာနက တာဝန်ရှိတဲ့သူတွေကို တင်ပြသွားမှာ ဖြစ်ပြီး နောက်ထပ်လူငယ်တွေကို ပါဝင်လာစေချင်တယ်လို့ ကိုကျော်ကျော်မင်းက ပြောပါတယ်။
မင်းထက်မုန်း(ပုသိမ်)