မွန်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာ ၂၁ ဦးအထိ တိုးလာ
DVB
·
March 27, 2020
မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယနဲ့စောင့်ကြည့်လူနာ ၂၁ ဦးအထိ တိုးလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က မတ် ၂၆ ရက်မှာ အတည်ပြုပြောပါတယ်။
စောင့်ကြည့်သံသယလူနာ ၂ ဦးမှာ ရောဂါသက်သာတဲ့အတွက်ကြောင့် သီးသန့်လူနာဆောင်မှာ မထားတော့ဘဲ စောင့်ကြည့်ခန်းမှာ ပြောင်းရွှေ့ထားပါတယ်။
ဒီစောင့်ကြည့် သံသယလူနာတွေဟာ မတ်လ ၂၅ ရက်နေ့မှာ ၁၁ ဦးသာ ရှိပေမယ့် မတ်လ ၂၆ ရက်နေ့မှာတော့ ၁၀ ဦးအထိ တိုးလာတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စောင့်ကြည့်လူနာအဖြစ် မော်လမြိုင်မှာ ၇ ဦး၊ သထုံ ၇ ဦး၊ ချောင်းဆုံ ၂ ဦးနဲ့ ကမာဝတ်တိုက်နယ် ဆေးရုံမှာ စောင့်ကြည့်လူနာ ၁ ဦး၊ ပေါင်မြို့နယ် ၁ ဦး၊ ဘီးလင်းမြို့နယ် ၁ ဦးအပါအဝင် စုစုပေါင်း ၁၉ ဦး ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စောင့်ကြည့်လူနာတွေ ထားရှိဖို့အတွက် ပြည်နယ်တဝန်းမှာ ခုတင် ၈၀၀ အထိ ပြင်ဆင်ထားတယ်လို့ ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၅ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်အစောပိုင်း ၂ နာရီမှာ သတင်းထုတ်ပြန်ပါ တယ်။